အထောက်အထားများနှင့် တကွပြသမည်

အထောက်အထားများနှင့် တကွပြသမည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၁၂  ရက်)

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့်  နေ့စဉ်သတင်းမှန်များကို ဖတ်ရှုလေ့လာ နားထောင်သင့်သည်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ထဲထဲဝင်ဝင် လေ့လာမည်ဆိုပါက မည်သည့် အဖွဲ့အစည်းသည် အဖျက်သမားဖြစ်၍ မည်သည့် အဖွဲ့အစည်းသည်ကား တိုင်းပြည်ကောင်းကျိုးကို အစဉ်တစိုက် သယ်ပိုးလျက်ရှိသည်ကို ထင်ရှားစွာသိမြင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည်

၂ဝ၂ဝ ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်မှာ အမှန်တရားဖြစ်သည်။ မဲစာရင်း မှားယွင်းမှုများအား အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် စစ်ဆေးတွေ့ရှိချက်များကို ဇူလိုင် ၂၆ ရက်နေ့ ပြည်သူများထံသို့ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးတွင် လည်းကောင်း ဤမျှအရုပ်ဆိုး အကျည်းတန်လွန်းသော မဲမသမာမှုမရှိခဲ့ပေ။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အာဏာရှိစဉ်ကတည်းက ဖြေရှင်းပေးသင့်ပါလျက် မဖြေရှင်းဘဲနေခဲ့သည်မှာ နိုင်ငံအတွက် အမှားကြီးတစ်ခုဖြစ်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခိုင်လုံ သောအထောက်အထားဖြင့် မဲမသမာမှု မရှိကြောင်း ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုး မဲမသမာမှုများကို အကြိမ်ပေါင်းများစွာ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

သြဂုတ်လ ၇ ရက်က ကျင်းပသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၁၃/၂ဝ၂၁)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာ၌ ''အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး သမ္မတကအစိုးရ အဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများ စသည်ဖြင့် အတည်ပြု ခန့်အပ်ရခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည် တရားမျှတမှု မရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအား ရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှု မရှိခဲ့ကြောင်း၊ မဲစာရင်း မှားယွင်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွပြသသွားမည်ဖြစ်ကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအများစုက သိရှိနားလည်သဘောပေါက်လာကြပြီဖြစ်သည်။ တချို့သောဝန်ထမ်းများသည် အမှန်ကိုမသိရှိဘဲ မဲမသမာမှု ပြုထားသူ၏ လှုံ့ဆော်သွေးထိုးမှုတွင် ပါဝင်ခဲ့ကြသည်။   လုပ်ငန်းခွင်ကို ကျောခိုင်း ထွက်ခွာသွားခဲ့ကြသည်။   ယခုတော့ သူတို့၏ လက်တွေ့ဘဝတွင် အခက်အခဲပေါင်း မျိုးစုံကြုံနေရသည်။ သူများသွေးထိုး လှုံ့ဆော်မှုကို ယုံကြည်၍ မိမိတို့ဘဝ နစ်မွန်းခဲ့ရသည်။ နိုင်ငံတော်အစိုးရက ပြစ်မှုကြီးများ ကျူးလွန်ခြင်းမရှိသူများ စိတ်အေးချမ်းသာစွာ ပြန်လာကြရန် ဖိတ်ခေါ်လျက် ရှိသည့်အတွက် ပြန်လည်ဝင်ရောက်လာကြပြီဖြစ်သည်။ ရန်သူပင်လျှင် လက်နက်ချလျှင်ကျေအေးရသည်ဖြစ်ပေရာ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအတွက်ကား နိုင်ငံတော် အစိုးရအနေဖြင့် စေတနာ၊ မေတ္တာတရား ကြီးမားစွာ ထားရှိပါသည်။

အထက်တွင် ကောက်နုတ်တင်ပြထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏အမှာစကားမှာ NLD ပါတီအနေဖြင့် မဲမသမာမှုရှိနေသည်မှာ အမှန်ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ ပြသဦးမည်ဖြစ်ကြောင်း   ခိုင်ခိုင်မာမာ ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးလမ်းကြောင်းတွင် မှန်မှန်ကန်ကန် လျှောက်လှမ်းလျက်ရှိသော နိုင်ငံဖြစ်သည်။ လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေး မူဝါဒအရ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အတွင်းမှသာ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် အချို့သော နိုင်ငံများအနေဖြင့် သတင်းအမှန်၊ ဖြစ်ရပ်အမှန်ကို သိသင့်သလောက် မသိရှိကြပေ။   အချို့နိုင်ငံများက မသိချင်ယောင်ဆောင်ကာ အစိုးရကို ဆန့်ကျင်ပုန်ကန်နေသူများကို အားပေးနေသည်။ ထိုသူများသည်  ပြည်သူတစ်ရပ်လုံးက အော့ကြောလန်နေသည့် အကြမ်းဖက်သမားများဖြစ်သည်။ ထိုအကြမ်းဖက်သမားတို့ကို  လက်သပ်မွေးကာ သွေးထိုးမြှောက်ပင့်နေခြင်းသည် မြန်မာနိုင်ငံသားများ အတွက် ကောင်းကျိုးဖြစ်လာမည် မဟုတ်ပေ။ နိုင်ငံတော်အစိုးရ အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ မိမိတို့နိုင်ငံကို တည်ငြိမ်စွာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေပါသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက်လည်း အထူးတလည် ဆောင်ရွက်လျက်ရှိသည်။ အရေးပေါ်ကာလ ကုန်ဆုံးသည့်အခါ ဥပဒေနှင့်အညီ ရွေးကောက်ပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ခိုင်မာစွာ ကတိပြုထားပြီး ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကို   နိုင်ငံတကာက သိရှိအောင် ခိုင်ခိုင်မာမာ ထပ်မံချပြတော့မည်ဖြစ်ပေရာ  အချို့သော ပြည်သူများအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ် အမှန်သိရှိအောင် လေ့လာကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။