အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေး နောက်ကျကျန်မှုမဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေး နောက်ကျကျန်မှုမဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၁ ရက်‌နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၆ ကျောင်းအား ခြိမ်းခြောက် စာများအား ပေးပို့ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၆)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း နှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းများသို့ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီး ဖြင့် ရောက်ရှိလာပြီး “တားမြစ်သတိပေးချက်” ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာများအား ထမင်းစား ကျောင်းဆင်းချိန်တွင် ကျောင်းပြင်ပနေအိမ်သို့ ထမင်းပြန်စားသော ကျောင်းသားများမှတစ်ဆင့် ကျောင်းအုပ်ကြီးများထံသို့ ပေးပို့ဖြန့်ဝေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ခြိမ်းခြောက်စာပေးပို့ သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးဝင်းရှိ အားကစားခန်းမအုတ်နံရံအနီး ပန်းပင်များအတွင်း၌ လက်လုပ်မိုင်း ၂ လုံးတွေ့ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ ပန်းပင်များအတွင်း အပြာရောင်ကွန်ကျူးပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်း ဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။