အပြစ်မဲ့ပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာကျဆင်းစေရန် ဆောင်ရွက်ခဲ့သူများအားပဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ

နေပြည်တော်၊ မေ - ၁၁

          လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာ ပေါ်၌ တပ်မတော်အား တိုက်ခိုက်စော်ကားသည့်စာများ ရေးသားသူများဖြစ်ကြသည့် မဝင်းစုလှိုင်(ဘ)ဦးတင်အောင်ဝင်း နှင့် ညီမဖြစ်သူ မမေဇွန်ကို (ဘ)ဦးတင်အောင်ဝင်း တို့ ၂ ဦးအား မေ ၁ ရက်တွင်ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

          စစ်ဆေးမှုများအရ ၎င်းတို့ညီအစ်မ ၂ ဦးသည် ဆူပူအကြမ်းဖက်ဆန္ဒပြမှုများတွင် အကြိမ်ကြိမ်လိုက်ပါခဲ့ပြီး ၎င်းတို့၏နေအိမ်မျက်နှာစာလမ်းပေါ်တွင် နိုင်ငံတော်ကို ဆန့်ကျင်သည့် စာသားများရေးသားခြင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ၎င်း၏ မိသားစုဝင်များဖြစ်သည့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးတို့အား ဒလန်ဟုစွပ်စွဲကာ ဝိုင်းဝန်းဖမ်းဆီးပြီး မဟာအောင်မြေမြို့ နယ်၊ မြတောင်ကျောင်းတိုက်၌ မျက်ခုံးမွှေးရိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း မမေဇွန်ကို ၏ ဖုန်းအတွင်းအချက်အလက်များ မှတစ်ဆင့် သိရှိရသည်။

          ထိုသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်း အရင်းမရှိဘဲ ဂုဏ်သိက္ခာကျဆင်းစေရန် ဆောင်ရွက်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။