အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ - ၉
အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာ၌ မိမိတို့နိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စား မှု တိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ ကွန်ဗင်းရှင်းက ချမှတ်ထားသည့် အချက်များ၊ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို သဘောတူလက်မှတ် ရေးထိုးထား ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများက အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ မိမိတို့ မြန်မာနိုင်ငံကလည်း ၂၀၁၇ ခုနှစ်မှစပြီး နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏တာဝန်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူ ထမ်းဆောင်နေစဉ် ကာလအတွင်း ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံး ညီညွတ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်း မှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက် ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင် ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည့် အဂတိ လိုက်စားမှုများကို တားဆီးကာကွယ် အရေးယူနိုင်ရန်အတွက် အဆိုပါဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက် စားမှု တိုက်ဖျက်ရေးကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။
သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေး၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွားများကို ထိခိုက်မှုမရှိစေရေးတို့အတွက် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံက အလေး ထား ဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။
အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် လာဘ်ပေးလာဘ်ယူ ခြင်းထက် ပိုမိုကျယ်ဝန်းပါကြောင်း၊ ခြိမ်းခြောက် ငွေညစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော် ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင် ပစ္စည်းအဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်ခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုး ကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒ ရှိခြင်းတို့သည် အဂတိ လိုက်စားမှုမြောက်သည့် အပြုအမူများ ဖြစ်ပါကြောင်း။
နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု များကိုထိခိုက်နစ်နာစေခဲ့ပါက အဂတိလိုက်စားမှုမြောက်မည် ဖြစ်သည့်အတွက် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတိထား လိုက်နာလုပ် ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းပြီး မရှင်းလင်းသည့် အချက်များ၊ ဒွိဟဖြစ်ဖွယ်ရာ အကြောင်းအရာများတွေ့ရှိပါက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများထံမှ သဘောထားမှတ်ချက်တောင်းခံပြီး ပေးပို့လာသည့် သဘောထား မှတ်ချက်များနှင့်အတူ အထက်အဖွဲ့အစည်းသို့ လမ်းညွှန်မှုခံယူ ဆောင်ရွက်သွားရန် လိုအပ်သည် ကို ပြောကြားလိုပါကြောင်း။
အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေး ရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထား လုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုး စီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း ဖြစ်စေရန်ဖြစ်ပါ ကြောင်း၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူ များအကြား ပေါင်းကူးတံတားများသဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ပေးရသူများလည်းဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော် ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များသည် အရေးပါသကဲ့သို့ ပြည်သူ့ ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည် မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများမှ လမ်းချော်လွဲမှားသွားစေသည့် အဓိကအချက်မှာ အဂတိ လိုက်စားမှုပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတ်မှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန် ထမ်းများဖြောင့်မတ် တည်ကြည်မှုရှိစေရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ထုတ်ပြန်ထားသည့် ကျင့်ဝတ်များကို လိုက်နာကြစေရေးနှင့် ကျင့်ဝတ်ဆိုင်ရာ သင်တန်းများသည်လည်း အရေးပါသည်ကို အသိပေးပြောကြားလိုပါကြောင်း။
“အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲ နွမ်းပါးမှုများ လေလေ အဂတိလိုက်စားမှုများလေ” ဖြစ်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက် ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူ ခြင်းဆိုသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေရန် ရေးဆွဲထားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်သည် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်ပါကြောင်း၊ ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်း ဖြင့် ပြည်သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးတိုးတက် လာပါက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်နေသည့် လုပ်ငန်းများအားလုံး အောင်မြင်ရန် မိမိတို့ ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာ အောက်ခြေအဆင့်များကစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း၊ ထို့ပြင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန် အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက်စားမှုကို သတိထားရှောင်ရှားပြီး ပတ်ဝန်းကျင်၏ ပြောဆိုဝေဖန်မှုများကို ဂရုစိုက်သတိထားလုပ်ဆောင်သွားခြင်းဖြင့် အဂတိလိုက်စားမှု လျော့နည်းရာမှ လုံးဝကင်းစင်ပပျောက်သည့် လူ့ပတ်ဝန်းကျင်ကို ဖော်ဆောင်ကြရန် ဖြစ်ပါကြောင်း။
ထို့ပြင် အခြေခံပညာ ကျောင်းများတွင်အဂတိကင်းစင်သည့် ယဉ်ကျေးမှု၊ အဂတိ ကင်းစင်သည့် လူ့အဖွဲ့အစည်း၏ အခြေခံမူ သဘောတရားများ ပြန့်ပွားစေရေးအတွက် “ကျောင်းသားလူငယ် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးအစီအစဉ် (Edu-tainment)” များကို ထည့်သွင်းလုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်ဆင့်ချင်း အသိပညာပေးဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဖြောင့်မတ်သော၊ ကိုယ်ကျင့် တရားပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ရွက်နေပြီဖြစ်သည့် အတွက် အဆိုပါ အစီအစဉ်အောင်မြင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “အဂတိပယ်ခွာ ပြည်သာယာ” ဆို သည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှုကျူးလွန်ခြင်း များကို လျော့နည်းပပျောက် စေရေးအတွက် မူဝါဒနှင့်ဥပဒေမူဘောင် ခိုင်မာရေး လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ခိုင်မာရေးတို့ကို အလေးထား ဆောင်ရွက် လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။
အဂတိလိုက်စားမှုများသည် အသွင်အမျိုးမျိုးဆောင်ပြီး ဖြစ်ပေါ်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကြောင်းအရသာမက ကောင်းမွန်သော ကိုယ်ကျင့်တရား ထွန်းကားရေး နည်းလမ်းများအရပါ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ သာမက အများပြည်သူများနင့်လည်း သက်ဆိုင်သည့် အကြောင်း အရာဖြစ်သည့်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်ဟု တိုက်တွန်း ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဘက်လိုက်မှု ကင်းရှင်းပြီး မှန်ကန်မျှတ၍ တာဝန်ခံမှုရှိသည့် တရားစီရင်ရေးနှင့် အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ က ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။