မြို့ကြီးအချို့တို့၌ ဖြစ်ပေါ်လျက်ရှိသည့် ဆူပူဆန္ဒပြမှုများကြောင့် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူ လူထုများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများကြားသိနေရသည်။
ပြည်သူအများစုမှာ ရိုးသားစွာနေလိုသည့်အပြင် မည်သူအုပ်ချုပ် အုပ်ချုပ်တိုင်းပြည်တိုးတက်လျှင် ကျေနပ်သူ များဖြစ်သည်။ မိမိတို့နေထိုင်သောတိုင်းပြည်တွင် အုပ်ချုပ်သောအစိုးရသည် အခြားသောတိုင်းပြည်များကို ကြောက်နေသူများဖြစ်နေသည်ကို မည်သူမျှသဘောမကျပါ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် မည်သူကိုမျှ ကြောက်နေရန်မလိုဟု ခံယူထားကြသည်။
ပြီးခဲ့သည့်အစိုးရနှင့် ပတ်သက်လျှင် ပြည်သူအများစု နာကြည်းစိတ်ပျက်ဖွယ်ကောင်းသောဖြစ်ရပ်မှာ (ICJ) တရားရုံးတွင် အမှုရင်ဆိုင်ရခြင်းဖြစ်သည်။ အမှုစွဲဆိုသည်မှာ တစ်ဦးတစ်ယောက်ကို နာမည်တပ်စွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူအများစုအနေဖြင့် လုံးဝမကျေနပ်ပါ။ ပို၍မကျေနပ်ဖွယ်ကောင်းသည်မှာ မိမိနိုင်ငံ၊ မိမိတို့ပိုင်နက်အတွင်း ကျူးကျော်စော်ကားကာ မိမိတို့တိုင်းရင်းသားများကို အကြမ်းဖက်သတ်ဖြတ်ခြင်းခံရသည်။ ထိုကိစ္စကို တာဝန်ရှိအစိုးရက စကားလုံး ပြင်းပြင်းထန်ထန်ပင်မသုံးရဲခဲ့။ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့်အခါကျမှသာ တပ်မတော်၏လုပ်ရပ်ကို ပြစ်တင်ဝေဖန်သည်။
အကြမ်းဖက်ကျူးကျော်သူနှင့် ပူးပေါင်းကြံစည်ထားသူများက ပြည်တွင်းသစ္စာဖောက် မီဒီယာသမားအမည်ခံ ပုဆိန်ရိုးသတင်းထောက်နှစ်ဦးနှင့်ပေါင်းကာ တပ်မတော်ကို ပြစ်မှုဖြစ်အောင် ထောင်ချောက်ဆင်ခဲ့သည်။ နိုင်ငံတော်သစ္စာဖောက်မှုထင်ရှားသဖြင့် အဆိုပါ သတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်ချလိုက်သည်။ ကျခံရမည့် ပြစ်ဒဏ်တစ်ဝက်မပြည့်မီမှာပင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးရသည်။ တရားခံနှစ်ဦးလွတ် မည့်နေ့တွင် သံအမတ်က လာရောက်ခေါ်ဆောင်သွားပြီး တစ်ရက်ပင်မဆိုင်းဘဲ လေယာဉ်ဖြင့် သူတို့နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။
ပြည်သူအများစုမျှော်လင့်နေသည်မှာ ထိုစဉ်က တာဝန်ရှိသောအစိုးရသည် တပ်မတော်၏ ဆောင်ရွက်ချက်ကို တာဝန်ခံရမည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ မိမိနိုင်ငံထဲမှာ လာရောက် ကျူးကျော် စော်ကားသူကို မည်သည့်နိုင်ငံအစိုးရကမှ သည်းခံခွင့်လွှတ်မည်မဟုတ်ပါ။ သည်းခံခွင့်လွှတ်သည့် နိုင်ငံတစ်နိုင်ငံမှ မကြားဖူးသေးပါ။ သို့သော် ငွေကုန်ကြေးကျမြောက်မြားစွာကျခံကာ (ICJ) ၏ ဆင့်ခေါ်ခြင်းကို သွားရောက်ခဲ့သည်။ ငြင်းပယ်ဖြေရှင်းရန် သွားရောက်သည်ထက် ဝန်ခံသည့်သဘော သက်ရောက်သည့် ပြောဆိုမှုများပြုခဲ့ခြင်းကိုလည်း ပြည်သူအများစု မကျေနပ်ခဲ့ပါ။ ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဗုဒ္ဓဘာသာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ပြောဆိုခြင်း၊ ယခင်အစိုးရအဆက်ဆက်က အသိအမှတ်မပြုသည့် လူမျိုးအမည်ကို တရားဝင်သုံးစွဲပြောဆိုခြင်းစသည်ဖြင့် နိုင်ငံအတွက်ကောင်းကျိုးမရှိသော ပြောဆိုခြင်း များကိုလည်း ပြည်သူအများစုက မကျေနပ်ခဲ့ပါ။
ထို့ကြောင့် ပါတီများစုပေါင်းကာ ကန့်ကွက်ခြင်း၊ လူအများစုဆန္ဒဖော်ထုတ်ခြင်းများပြုခဲ့သည်။ အထူးသဖြင့် (ICJ) တွင် အင်္ဂလိပ်ဘာသာဖြင့်ပြောခဲ့သော မိန့်ခွန်းကို မြန်မာဘာသာသို့ တရားဝင်ပြန်ဆိုပေးရန် တောင်းဆို ခြင်းများကိုလည်း ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ရရှိရေးကို နည်းလမ်းမျိုးစုံသုံးကာ လုပ်ဆောင်သည်။ အောက်ခြေရပ်/ကျေးအဆင့်တွင် ငွေပေးခြင်း၊ အုပ်စုဖွဲ့အနိုင် ကျင့်ခြင်းတို့ဖြင့် မဲထည့်ရန်လုပ်ဆောင်သည်။ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အများစုကလည်း နည်းလမ်းပေါင်းစုံပံ့ပိုးပေးခဲ့သည်။ မကောင်းမှု၊ မသမာမှုဟူသည် ဆိတ်ကွယ်ရာမရှိစကားအတိုင်း နောက်ဆုံး တွင် အဓမ္မဝါဒီတို့ ကျဆုံးသွားကြရသည်။
လက်ရှိအခြေအနေတွင် NLD ပါတီဝင်များနှင့် ထောက်ခံသူများသည် ပြည်သူများ လမ်းပေါ်ရောက်လာစေရန် နည်းမျိုးစုံ သွေးထိုးလှုံ့ဆော်သည်။ မင်းမဲ့စရိုက်အပြုအမူများ၊ နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ ရဲစခန်းများ၊ ပြည်သူတို့၏ နေအိမ်များ၊ စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လာသည်။ လမ်းများ ပေါ်တွင် အတားအဆီးများ ချထားခြင်း၊ အစိုးရဆန့်ကျင်ရေး အမှိုက်သပိတ်ဟုဆိုကာ အမှိုက်များစည်းကမ်းမဲ့ စုပုံချထားခြင်းတို့ကြောင့် အေးချမ်းစွာနေထိုင်သည့် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကို အဘက်ဘက်မှထိခိုက်လျက်ရှိသည်။ မကောင်းမှုဟူသမျှသည် ဆိတ်ကွယ်ခြင်းမရှိသည့်အတွက် အဖျက်သမား များအနေဖြင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမည့်လုပ်ရပ်မျိုးကို ရပ်တန်းကရပ်သင့်ပြီဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။