အမေရိကန်စင်တာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၇

  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်းရှိ အမေရိကန်စင်တာအား မတ်လ ၂၇ ရက် နံနက် ၇ နာရီတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည့်အတွက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အမေရိကန်စင်တာ အင်းယားလမ်း၊ လူဝင်ပေါက်လုံခြုံရေး အခန်းရှိ မှန်ချပ်တွင် ထိမှန်ရာ ၇ ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိသည်။

ထိုသို့ ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိရေး အတွက် တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အမေရိကန်စင်တာအား CO2 Gas သေနတ်ဖြင့် ပစ်ခတ်ခဲ့သူဖြစ်သည့် အေးသော်ကောင်း(ဘ)ဦးတင့်လွင်၊ အသက်၃၄နှစ်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ၁၂/ ကမရ(နိုင်)၀၅၄၅၆၅ ကိုင်ဆောင်သူအား မတ်လ၃၀ရက် နံနက် ၉ နာရီခန့်တွင် အမှတ်(၇၄-ဒီ)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်နေအိမ်၌ မာစီဒီးယာဉ်အမှတ်၊ YGN 3P-5569 နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

  ၎င်း၏ ပြောကြားချက်အရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် Online မှတစ်ဆင့် ရောင်းချသော Gas လေအိုးဖြင့် ပစ်ခတ်ရသည့် အနက်ရောင်ပစ္စတို သေနတ် ၁ လက်နှင့် ဆက်စပ် ခဲသီးကျည် ၁၅ဝ တောင့်တို့အား ငွေ ၁၉၀,ဝ၀ဝ ကျပ်ဖြင့် မှာယူခဲ့ရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရရှိခဲ့ကြောင်း၊ ယင်းနေ့၌ပင်အနောက်ရွှေဂုံတိုင်လမ်း ရှိယာဉ်နံပါတ်ပြား အတုပြုလုပ်သော ဆိုင်မှ YGN 5P-7463 အား ၄၀၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး မတ်လ ၂၆ ရက်နေ့တွင် ၎င်းဖခင် ပိုင်ဆိုင်သော မာစီဒီးယာဉ်အမှတ်၊ YGN 3P-5569 မော်တော်ယာဉ်တွင် နံပါတ်ပြားအတုအား ပြောင်းလဲ တပ်ဆင်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်စင်တာ အနီး အင်းယားလမ်းမ ပေါ်တွင် ၃/၄ ကြိမ်ခန့် မောင်းနှင် ကာ ပတ်ဝန်းကျင် အခြေအနေအား အကဲခတ် ကြည့်ရှု့ခဲ့ကာ မတ်လ ၂၇ ရက်နေ့တွင် နေအိမ်မှ ထွက်ခွာခဲ့ပြီး အမေရိကန်စင်တာ အနီးသို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား အရှိန်သတ်၍ ယာဉ်မောင်းဘက်မှ ကားမှန်အား အောက်ချကာ ကားအတွင်းမှ အမေရိကန် စင်တာတွင် ကာရံထားသည့်မှန်အား Gas သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့ ကြောင်း သိရှိရသည်။

  ထို့နောက် မတ်လ ၂၈ ရက်၊ နံနက် ၇ နာရီတွင် Gas သေနတ်၊ ခဲသီး ၁၀၀ ပါရှိ သော ဗူးဝိုင်းပြား ၁ ဗူး၊ CO2 Gas အိုး ၂ ဗူး၊ လိုင်စင်နံပါတ်ပြား အတု ၁ ခုတို့အား ကျွတ်ကျွတ်အိတ်(အပြာ)ဖြင့် ထုပ်ပိုးပြီး ရုံးလက်ဆွဲအိတ် အကြီးထဲသို့ ထည့်ကာ ငမိုးရိပ်တံတား အလယ်သို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား ဖြေးညှင်းစွာ မောင်းနှင်ပြီး ငမိုးရိပ်ချောင်းအတွင်းသို့ ပစ်ချ၍ ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရပါသည်။

  ထို့ပြင် အေးသော်ကောင်း အနေဖြင့် NLD ပါတီကို ထောက်ခံသူ တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ရန်ကုန်မြို့တွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့၊ မြေနီကုန်းလမ်းဆုံ၊ လှည်းတန်းခုံးကျော် တံတားအနီး၊ ကိုရီယားသံရုံးနှင့် အမေရိကန်သံရုံးရှေ့ ဆူပူဆန္ဒပြမှုများတွင်လည်း ၁၆ ကြိမ်ခန့် ကိုယ်တိုင် လိုက်ပါခဲ့ပြီး အမေရိကန်စင်တာအား Gas သေနတ်ဖြင့် ပစ်ခတ်ရခြင်းမှာ နိုင်ငံရေးအရ ရှုပ်ထွေးမှု များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခဲ့သူ အေးသော်ကောင်း အား ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။