အများပြည်သူပိုင်နေအိမ်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဖျက်ဆီး

နေပြည်တော်၊ ဧပြီ - ၅

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ ညောင်ကုန်း(၅)ရပ်ကွက်နေ ဦးမြတ်ကျော် (စစ်မှုထမ်းဟောင်း)၏ နေအိမ်ခြံဝန်းအတွင်းသို့ ဧပြီ ၃ ရက် ည ၇ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူတစ်ဦးက ဆိုင်ကယ် မောင်းနှင်၍ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံးဖြင့် လာရောက် ပစ်ခတ်မောင်းနှင်ထွက်ပြေးသဖြင့် နေအိမ် ရှေ့တွင် ရပ်ထားသည့် စူပါကာစတန်မော်တော်ယာဉ်အနီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကာ မော်တော်ယာဉ်၏ ယာဘက်ခြမ်း အရှေ့တံခါးမှန်အောက်တွင် မိုင်းစထိမှန်ခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

            အလားတူ ဧပြီ ၄ ရက် နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အား ဆူပူအကြမ်းဖက်သူ ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး PVC ပိုက်ဖြင် ပြုလုပ် ထားသည့် လက်လုပ်မီးလောင်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဘဏ်၏ အရှေ့ဘက်၌ ကျရောက် ပေါက်ကွဲခဲ့ပြီး လူ၊ ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရသည်။

            ထို့ပြင် ဧပြီ ၄ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အား မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၀ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်နေစဉ် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်ခြင်းဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား အောင်ပိုင်ထွေး(ခ)အောင်ပိုင်(ဘ)ဦးဇော်ညွန့် ဆိုသူက ၎င်းစီးနင်းမောင်းနှင်လာသည့် TOYOTA Mark-II ယာဉ်ဖြင့် ဝင်ရောက်ပွတ်တိုက် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် မီးရှို့ရန် အဝတ်စဖြင့် အသင့်ပြုလုပ်ထားသော ဓာတ်ဆီပုလင်းအကွဲ ၂ လုံး၊ အကောင်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါယာဉ်တိုက်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရ သည်။

 အလားတူ ဧပြီ ၄ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိ ခေမာရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆူပူအကြမ်းဖက်သူ ၁ ဦးက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ်  ၁ စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရုံးစားပွဲ ၁ လုံး၊ ထိုင်ခုံ ၁ လုံးနှင့် အခြားစာရွက်စာတမ်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရ သည်။

ထို့အတူ ဧပြီ ၄ ရက် ည ၁၀ နာရီ ၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက်၊ ရွှေပြည်သာ(၂)လမ်းနှင့် ဘုရင့်နောင်လမ်း ဆုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ ဝင် များက ဆယ်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆောက်အဦ၏ ၁၀ ရာခိုင်နှုန်း မီးလောင်ပျက်စီးခဲ့ပြီး အဆောက်အဦအတွင်းမှ (၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) နေ မောင်ဦး(ဘ)ဦးခင်သန်း မှာ မီးလောင်သေဆုံးလျက်ရှိကြောင်း တွေ့ရှိရပြီး သေမှုသေခင်း ဖွင့်လှစ်လျက်ရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများ၊ နိုင်ငံတော်ပိုင်အဆောက်အဦများ နှင့် အများပြည်သူနေအိမ်များအား  အကြမ်းဖက်လုပ်ရပ်များကို ဦးဆောင်လုပ်ဆောင်သူများ နှင့် ပါဝင်ပတ်သက်သူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။