နေပြည်တော် မတ် ၁၈
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစုလူဝေးများ အနေဖြင့် မသမာသူတို့၏နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်းဝင်ရောက်အကြမ်း ဖက်ရန်ပြုခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း အများ ပြည်သူစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီး ဖြိုးဝေကျော်၊ အငယ်တန်းစာရေး ဝေမင်းထက်၊ ရုံးအကူ ထွန်းထွန်းနောင်နှင့် ယာဉ်မောင်း ရန်နိုင်စိုးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်သည် ကင်မလင်းကျွန်းမီးပွိုင့်သို့အရောက်၌ စက်ချွတ် ယွင်းခဲ့သဖြင့် လိုအပ်သည်များ ဆောင်ရွက်ပြီး ဆက်လက် ထွက်ခွာလာစဉ် အမှတ်(၁၃) ရပ်ကွက်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအနီးသို့အရောက် ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့်က မော်တော် ယာဉ် အားတားဆီးပြီး သံတုတ်ဖြင့်ရိုက်ခြင်း၊ ယာဉ်ပေါ်ပါလာသူများအား ထိုးကြိတ်ရိုက်နှက်ခြင်း၊ ဓားဦးချွန်ဖြင့် ထိုးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆူပူအကြမ်းဖက်သူများ၏ လုပ်ဆောင်မှုကြောင့် ဝေမင်းထက်(ဘ)ဦးသန်းလွင်(အငယ်တန်းစာရေး) တွင် ဦးခေါင်းနောက်စေ့ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖျံ/နှုတ်ခမ်းပေါက်ပြဲဒဏ်ရာနှင့် ကျောပြင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့လုပ်ဆောင်ကြသည့် ဆူပူအကြမ်းဖက်သူ လူတစ်စု အား အမြန်ဆုံးဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ အသေးစိတ် စိစစ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဥပဒေ အရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)