အမျိုးသမီးများနှင့် သားအိမ်ခေါင်းကင်ဆာအန္တရာယ်

အမျိုးသမီးများနှင့် သားအိမ်ခေါင်းကင်ဆာအန္တရာယ်

ကမ္ဘာပေါ်တွင် ကင်ဆာရောဂါအမျိုးအစားမြောက်မြားစွာရှိသည့်အနက်    သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ခန့်မှစ၍ သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ၏ဇီဝိန်ကိုခြွေလာခဲ့သည်။ ဆေးသိပ္ပံနည်းပညာများ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပြည်သူများကျန်းမာရေးအသိအမြင်ရှိလာပြီး သားအိမ်ခေါင်းကင်ဆာ၏ရှေ့ပြေးနိမိတ်များကို သိမြင်လာကြခြင်းစသည်တို့ကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း ၎င်းကင်ဆာဖြင့် အသေအပျောက်နှုန်း သိသိသာသာကျဆင်းသွားသည်။ သို့သော် ရှေးယခင်ကလောက်ဖိတ်စဉ်နှုန်းမများလှသော်လည်း နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြင့် သေဆုံးမှုကတော့ ကမ္ဘာနှင့်အဝှမ်းရှိနေကြဆဲဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် ယေဘုယျအားဖြင့်အသက်ကြီးသောအမျိုးသမီးများတွင်သာဖြစ်ပွားလေ့ရှိသော်လည်း အသက် ၄၀ ဝန်းကျင်အမျိုးသမီးများတွင်လည်းဖြစ်တတ်သည်။ လေ့လာမှုမှတ်တမ်းများအရ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်တွင်တစ်နှစ်လျှင် အမျိုးသမီးငါးသိန်းကျော်ဖြစ်ပွားနေပြီးအဆိုပါကိန်းဂဏန်းအရ တစ်နှစ်လျှင် သေဆုံးသူနှစ်သိန်းခွဲကျော်ရှိကာအချိန်နှစ်မိနစ်တိုင်းတွင် အမျိုးသမီးတစ်ဦးနှုန်း ၎င်းင်းကင်ဆာဖြင့် သေဆုံးနေကြောင်း သိရသည်။ ထို့ကြောင့် သားအိမ်ခေါင်းကျန်းမာရေးအတွက် ပြည်သူလူထုအကြား  သတိပြုမိကြစေရန်ရည်ရွယ်၍အမေရိကန်ပြည်ထောင်စုက နှစ်တစ်နှစ်၏ဇန်နဝါရီလတစ်လလုံးကို “သားအိမ်ခေါင်းကင်ဆာသတိပြုရမယ့်လ @Cervical Health Awareness Month 2021 အဖြစ်လည်းကောင်း၊ ဗြိတိန်နိုင်ငံကလည်း ဇန်နဝါရီ ၁၈-၂၄ ရက်ကို “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးရက်သတ္တပတ် @Cerviacl Cancer Prevention Week is 18-24 January 2021” အဖြစ်လည်းကောင်း အထူးတလည် သတ်မှတ်ကာ သတိပေးလှုံ့ဆော်ထားသည်။

သားအိမ်ခေါင်းကင်ဆာနှင့်မြန်မာပြည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုပြုချက်များအရ မြန်မာနိုင်ငံရှိ အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအဆင့်တွင်ရှိနေသဖြင့် WHO ကသားအိမ်ခေါင်းကင်ဆာကာကွယ်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး ခြောက်နိုင်ငံရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် Unicefတို့ပူးပေါင်း၍ စာသင်ကျောင်းများအခြေပြုအစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၀ ပြည့်နှစ် ကျောင်းဖွင့်ရာသီမှစတင်ကာ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း  ၄၅ မြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးနေခြင်းဖြစ်သည်။

သို့သော် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့်၂၀၂၀ ပြည့်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းများ ပိတ်ထားရသည့်အတွက် နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် မြန်မာတစ်ပြည်လုံးရှိ အမျိုးသမီးငယ်များ အသက်ကိုးနှစ်ပြည့်ပြီးသူအားလုံးကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန် ပိုင်းမှစ၍ ပထမအကြိမ်အဖြစ် HPV (Human Papilloma Virus) သားအိမ်ခေါင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ၎င်းအစီအစဉ်သည် နိုင်ငံတော် အတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များထဲတွင် ၁၃ မျိုးမြောက် ကာကွယ်ဆေးဖြစ်သည်။ HPV ဆေးကိုထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့်အသက်ကိုးနှစ်ပြည့်မှသည် အသက် ၁၀ နှစ်ထိမိန်းကလေးများ သို့မဟုတ် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ     ကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးလျက်ရှိသည်။ ၎င်းကင်ဆာသည် မြန်မာနိုင်ငံအမျိုးသမီးများအတွင်း ဒုတိယမြောက်ဖြစ်ပွားမှုအများဆုံးသောရောဂါဖြစ်ပြီး ထိုရောဂါကြောင့် တစ်ရက်လျှင် ရှစ်ဦးနှုန်းခန့်သေဆုံးနေကြောင်း ၂၀၁၈-၂၀၁၉ ခုနှစ် သုတေသနစစ်တမ်းများတွင် ဖော်ပြထားသည်။ သားအိမ်ခေါင်းကင်ဆာရောဂါမှာ (Human Papilloma Virus) HPV ကူးစက်ခံရခြင်းကြောင့် အများဆုံးဖြစ်ပွားသကဲ့သို့ ၎င်းဗိုင်းရပ်ကိုကြိုတင် ကာကွယ်ပေးနိုင်သည့်သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံးရှိ ဆယ်ကျော်သက်မိန်းကလေးများအား  အခမဲ့ထိုးနှံပေးနေခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထိုးနှံပေးရမည့်မိန်းကလေးဦးရေမှာ သုံးသန်းကျော်ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ဤအစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းသားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုများကို ၇၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်မည့်အခြေအနေမျိုးရှိကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာနှင့်ကူးစက်ပိုး

သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကြွက်နို့ပိုးခေါ် (Human Papilloma Virus) HPV ပိုးကြောင့် အဓိကဖြစ်ပွားပြီး ၎င်းင်းပိုးမှာ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများတွင် အများဆုံးဖြစ်သောရောဂါတစ်ခုဖြစ်သည်။ HPV ပိုးအမျိုးပေါင်း ၄၀ ကျော်ခန့်ရှိသည့် အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ သားအိမ်ခေါင်းကင်ဆာရောဂါကို ၇၀ ရာခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုး မျိုးကွဲများမှာ  ၃၀ ရာခိုင်နှုန်း သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သည်။ HPV ပိုးမျိုးကွဲတချို့မှာ သားအိမ်ခေါင်းထဲဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊  ၉၁ ရာခိုင်နှုန်းမှာ နှစ်နှစ်အတွင်းခုခံအားဖြင့် ရောဂါပိုးကိုတိုက်နိုင်ကြောင်းနှင့် ပိုးအမျိုးကွဲ ၁၆ နှင့် ၁၈ မှာမူ တခြားပိုးများထက် သားအိမ်ခေါင်းအတွင်း ဆက်လက်တည်ရှိနိုင်ကာ ကင်ဆာရောဂါအဆင့်အထိဖြစ်စေနိုင်သည်။ သားအိမ်ခေါင်းကင်ဆာဖြစ်ရသောအကြောင်းရင်းရောဂါဖြစ်ရသော အဓိကအကြောင်းရင်းများမှာသားအိမ်ခေါင်းဆိုင်ရာ  ပုံမှန်မဟုတ်သောဆဲလ်များကြီးထွားလာခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ငယ်ရွယ်စဉ် လိင်ဆက်ဆံမှုစတင်ခြင်း၊ သန္ဓေတားဆေးများသုံးစွဲခြင်း၊ ကိုယ်ခံအားစနစ်အားနည်းခြင်း စသည်တို့ကြောင့်ဖြစ်လာရသည်။ အောက်ဖော်ပြပါအခြေအနေများကိုဖတ်ရှုလေ့လာရှောင်ရှား၍ ဆက်လက်မျှဝေအသိပညာပေးခြင်းဖြင့် မိမိနှင့်တကွ အခြားသောအမျိုးသမီးများ၏အသက်အန္တရာယ်ကို ဆွဲဆန့်ထားနိုင်ပါလိမ့်မည်။

စားသောက်မှုပုံစံနည်းစနစ်မကျခြင်းနှင့်အဝလွန်သောအမျိုးသမီးများ အာဟာရဓာတ်မပြည့်မီသော reday made အစားအစာများကို နိစ္စဓူဝစားသောက်ခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်လာဖို့ တွန်းအားဖြစ်စေသည်။

ပဋိသန္ဓေတားဆေးကို ငါးနှစ်နှင့်အထက် စွဲ၍သုံးစွဲလာသူအမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်မှု အခွင့်အလမ်းများသည်။

သုတေသနပြုချက်များအရ မိခင်၊ အဘွား၊ ကြီးဒေါ်စသူတွေမှာ ထိုကင်ဆာရှိနေပါက မိမိမှာလည်း ကင်ဆာဖြစ်နိုင်ခြေအလားအလာ သုံးဆခန့်ရှိကြောင်းတွေ့ရသည်။

HPV ပိုးကြောင့်ဖြစ်လာသော ဗှီုှ ရောဂါဟာကိုယ်ခံစွမ်းအားများကို ဖျက်ဆီးပစ်၍ HPV ဗိုင်းရပ် ရောဂါပိုး အဆမတန်တိုးပွားလာပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ တွန်းအားဖြစ်စေသည်။

ဆေးရွက်ကြီးထဲရှိ ဓာတ်ပစ္စည်းများက သားအိမ် ခေါင်း၏ဆဲလ်အတွင်းရှိ DNA ကို ပျက်စီးစေရုံသာကမ ကင်ဆာဆဲလ်များကို အဆမတန်ပြန့်ပွားစေသည်။ ထို့ပြင် ဆေးရွက်ကြီးက ကိုယ်ခံစွမ်းအားစနစ်ကို ဆုတ်ယုတ်လာကာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သည့် HPV ကူးစက်ပိုးမွှားများကို မတိုက် ခိုက်နိုင်တော့ပေ။ ထို့ကြောင့် ဆေးလိပ်သောက်သောအမျိုးသမီးများက လုံးဝမသောက်တတ်သူများထက် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေအလားအလာ နှစ်ဆကျော်ပိုလာနိုင်သည်။

သားသမီးသုံးဦးနှင့်အထက် မွေးဖွားသောမိခင်များတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ အလားအလာ ပိုသည်။

အသက် ၁၇ နှစ်မတိုင်ခင်(အရွယ်မရောက်သေးခင်) တွင် မိမိ၏ပထမဦးဆုံးကလေးကို ကိုယ်ဝန်ဆောင်ခဲ့သူများသည် အသက် ၂၅ နှစ်ရောက်မှ ကိုယ်ဝန်ဆောင်သူများထက် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေအလားအလာနှစ်ဆမျှပိုသည်။

သားအိမ်ခေါင်းကင်ဆာ၏ရှေ့ပြေးလက္ခဏာများ

ထိုရောဂါ၏ဆိုးရွားချက်မှာ စဦးပိုင်းတွင် ထင်သာမြင်သာသောလက္ခဏာပြလေ့မရှိဘဲ ရောဂါနောက်ပိုင်းတွင် ပုံမှန်မဟုတ်ဘဲ မျိုးပွားအင်္ဂါမှ သွေးဆင်းခြင်း၊ ဆီးခုံနာကျင်ခြင်း သို့မဟုတ် လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့ ခံစားရလေ့ရှိသည်။ ဝေဒနာရှင်များမှာအောက်ပါရောဂါလက္ခဏာများကို အများဆုံးတွေ့ရတတ်သည်။

ကင်ဆာရောဂါ၏ပထမအဆင့်မှာ သားအိမ်ခေါင်းရောင်ရမ်းလာပြီး ခန္ဓာကိုယ်အောက်ဘက်ပိုင်းသို့သွေးစီးဆင်းမှုပိတ်ဆို့သွားကာ ခြေထောက်များရောင်ရမ်းလာပြီး နာကျင်မှုကိုခံစားရလေ့ရှိသည်။

ယောနိမှအရည်ဆင်းမှု ပမာဏပို၍များလာခြင်း၊ အနံ့အသက်မကောင်းတော့ခြင်း စသည့်ပုံမှန်ထက် လွန်ကဲသောလက္ခဏာများက သားအိမ်ခေါင်းကင်ဆာ၏အရိပ်အယောင်ဖြစ်၍ မပေါ့ဆသင့်ပေ။

ဓမ္မတာရာသီရက်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ရာသီ လာစဉ် ပုံမှန်ထက်ပို၍ သွေးများများဆင်းခြင်း၊ လိင်ဆက်ဆံစဉ် သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက်ပိုင်း ရုတ်တရက်သွေးဆင်းလာခြင်း စသည့်လက္ခဏာ များသည် သားအိမ်ခေါင်းကင်ဆာ၏နိမိတ်များဖြစ်တတ်၍ အချိန်မဆိုင်းဘဲ ဆရာဝန်နှင့်ပြပါ။

ဆီးကို အားစိုက်၍ ညှစ်ချနေရခြင်းသည် ကင်ဆာတစ်သျှူးများ ဘေးသို့ပျံ့လာနေပြီဖြစ်၍ ကုသမှုကို အမြန်ဆုံးခံယူသင့်ပါပြီ။

မကြာခဏဆိုသလို ဆီးသွားခြင်း၊ ဆီးအိမ်မထိန်းနိုင်တော့ဘဲ ဆီးထွက်ကျခြင်း၊ ဆီးထဲမှာသွေးပါခြင်း တို့သည်လည်း သားအိမ်ခေါင်းကင်ဆာလက္ခဏာဖြစ်သည်။

သားအိမ်ခေါင်းရောဂါသာမက သားအိမ်ရောဂါ အမျိုးမျိုးတို့မှာလည်း ဖိုမကိစ္စပျော်ရွှင်မှုကို မခံစားရနိုင်ပါ။ ထိုအခြေအနေမျိုးမှာ လျစ်လျူမရှူသင့်ဘဲ ကုသမှုကိုခံယူပါ။

ရက်လကြာရှည် ခါးနာခြင်းနှင့်ရံဖန်ရံခါမဟုတ်ဘဲမကြာခဏဆိုသလို တင်ပါးဆုံရိုး နာကျင်နေပါက သို့မဟုတ် ရက်ရှည်နာကျင်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကျန်းမာသောသွေးနီဥပမာဏအမြောက်အမြားကို လျော့ကျသွားစေ၍    ပင်ပန်းနွမ်းနယ်စွာ ခံစားရခြင်း၊ သွေးအားနည်းခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်အလေးချိန် ထိုးကျသွားခြင်း၊ အစာစားချင်စိတ်မရှိခြင်းများဖြစ်စေနိုင်သည်။

ကြိုတင်ကာကွယ်နည်း

Pap smears ခေါ် သားအိမ်ခေါင်းအစအနကိုထုတ်၍  အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးနည်းဖြစ်သည်။ ပျမ်းမျှအသက် ၂၀-၃၀ ကြား အမျိုးသမီးများသည် သုံးနှစ်တစ်ကြိမ်ပုံမှန်စစ်ဆေးသင့်ပြီး အသက် ၃၀- ၆၅ နှစ်ကြား  အမျိုးသမီးများမှာ သုံးနှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ်ပုံမှန်စစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီးကြီးများအနေဖြင့် ၎င်းင်းတို့သက်တမ်းအတွင်းသုံးကြိမ်ခန့်စစ်ဆေးခဲ့ဖူးပြီး မည်သည့်ရောဂါလက္ခဏာမှ မပြခဲ့ဖူးပါက pap smears စစ်ဆေးဖို့မလိုအပ်တော့ပေ။

မိန်းကလေးများ    အသက်ကိုးနှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်းသည် ကင်ဆာမဖြစ်ရန် အကောင်းဆုံးကာကွယ်နည်းဖြစ်သည်။              

အသက် ၉ နှစ်မှ ၁၅ နှစ်ကြားတွင်နှစ်ကြိမ်ထိုးနှံသင့်ပြီး အသက် ၁၅ နှစ်အထက်ဆိုပါက သုံးကြိမ်ထိုးနှံရမည်။ HIV ရှိသူများအပါအဝင် ကိုယ်ခံအားနည်းသူအမျိုးသမီးများမှာ သုံးကြိမ်ထိုးရန် လိုအပ်သည်။

HIV ပိုးရှိသောအမျိုးသားနှင့်လိင်ဆက်ဆံမိပါက မိမိကိုပါကူးစက်လာပြီး ထိုမှတစ်ဆင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်သည်။ ထို့ကြောင့်လိင်မှတစ်ဆင့်    မည်သည့်ကူးစက်ပိုးမွှားများအန္တရာယ်မှကင်းဝေးအောင် အကာအကွယ်သုံး၍ လိင်ဆက်ဆံပါ။

ဆောင်ရန်အစားအစာများ

မုန်လာဥနီထဲရှိ beta-carotene နှင့် carotenoids ဓာတ်ပေါင်းစုများက ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို လွန်စွာကောင်းကျိုးပြုသည်။ သားအိမ်ခေါင်းကျန်းမာရေးအတွက် မုန်လာဥနီကို အစိမ်းလိုက် သို့မဟုတ် အပူပေးချက်ပြုတ်၍ နေ့စဉ်စားပါ။

Green tea ခေါ် လက်ဖက်ရွက်ထဲရှိ polyphenols နှင့် catechins  ဓာတ်များက ခန္ဓာကိုယ်အတွက် အလွန်အရေးပါသောဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးနိုင်သဖြင့် ကင်ဆာဆဲလ်များပြန့်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်သည်။

ပဲသီး ခေါ် ပဲတောင့်ရှည်နှင့် ဗိုလ်စားပဲသီးများထဲရှိသဘာ၀ စ့ပအသခ့နာငခေူျ ဓာတ်ပစ္စည်းက အဖုအကျိတ်များကြီးထွားမှုကို နှောင့်နှေးစေသည့်အပြင်ခန္ဓာကိုယ်ထဲရှိ ဆဲလ်အကောင်းများက ကင်ဆာဆဲလ်အဖြစ်သို့ပြောင်းလဲသွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။

ဆလတ်ရွက်အပါအဝင် အစိမ်းရောင်အရွက်ဖားဖားဟင်းသီးဟင်းရွက်များထဲရှိ flavonoids ဓာတ်ကကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်သည်။

ကျုံကြမ်းထဲတွင်ပါရှိသော ကစီဓာတ်နှင့်ဗီတာမင်ဘီ ၆ တို့က ကိုယ်ခံစွမ်းအားကောင်းခြင်း၊ သွေးနီဆဲလ်များ၏ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းပေးခြင်း၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများကို တိုးတက်မြင့်မားလာခြင်းစသဖြင့် ကောင်းကျိုးပြုသည်။

ငါးကြီးဆီထဲရှိ အိုမီဂါ-၃ ဖက်တီးအက်စစ်က သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ဂုန်လျှော်စေ့ကလည်း အိုမီဂါ-၃ ဖက်တီးအက်စစ် ကြွယ်၍ အလားတူ ကောင်းကျိုးပြုပေးနိုင်သည်။

အင်ဇိုင်းသတ္တုဓာတ်တစ်မျိုးဖြစ်သောဇင့်သည်သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သလို လူ့ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေသောဖရီးရယ်ဒီကယ်လ်များကိုလည်း ဖျက်ဆီးပေးနိုင်သည်။

ဂရိတ်ဖရုသီးအပါအဝင် ဗီတာမင်စီပြည့်ဝစွာပါရှိသော လိမ္မော်သီး၊ ပန်းငရုတ်ပွနှင့်ဘရိုကိုလီ ခေါ်အစိမ်းရောင် ပန်းဂေါ်ဖီများက ကင်ဆာဆဲလ်ဖြစ်စေသည့် နိုက်ထရိုဂျင်ဓာတ်ပေါင်းစုများ အန္တရာယ်မှ ကြိုတင်ကာကွယ်ပေးသည်။

သားအိမ်ခေါင်းဝေဒနာရှင်များအနေဖြင့် ဗီတာမင်အီး ကြွယ်ဝသောမြေပဲ၊ မြေပဲထောပတ်၊ မြေပဲဆီ၊ ဗာဒံစေ့၊ ဗာဒံစေ့ဆီ၊ နေကြာစေ့၊ နေကြာစေ့ဆီများကိုစားပေးသင့်သည်။

ရက်စ်ဘယ်ရီသီးများက သားအိမ်ခေါင်းကင်ဆာများကို ၈၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာသိရှိရသည်။

Beta-carotene ဓာတ်ကြွယ်ဝသောအဝါရောင်ကန်စွန်းဥများကလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်လာနိုင်ခြေ အလားအလာကို ထက်ဝက်မျှ လျှော့ချပေးနိုင်သည်။

ဗီတာမင်ဒီပြည့်ဝသော ဆော်လမွန်ငါးအပါအဝင် ပင်လယ်ငါးများစားပါ။ အကယ်၍ ၎င်းငါးတို့ကို ရံဖန်ရံခါမှစားဖြစ်သူများအတွက် ဗီတာမင်ဒီဆေးပြားတွေကို မှီဝဲသောက်သုံးသင့်သည်။

နနွင်းမှုန့်ထဲတွင်ပါရှိသော curcumin ဓာတ်ပစ္စည်းက သားအိမ်ခေါင်းကင်ဆာဖြစ်စေသော HPV ပိုးများကို စွမ်းအားပြည့်တိုက်ထုတ်ပေးနိုင်သည်။

ဂေါ်ဖီမျိုးနွယ်ဝင်များဖြစ်ကြသော အဖြူရောင်ပန်းဂေါ်ဖီ၊ ဘရိုကိုလီ ခေါ် အစိမ်းရောင်ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်စားခြင်းဖြင့် ခန္ဓာကိုယ်ကိုအဆိပ်အတောက်ပြေစေကာ ကင်ဆာရောဂါများဖြစ်မလာအောင် ဟန့်တားပေးနိုင်သည်။

တလည်းသီး၊ သစ်ကြားသီးနှင့်စပျစ်သီးစားပါ။

ရှောင်ရန်အစားအစာများ

ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ အမဲ စသည့်တိရစ္ဆာန်အဆီများထဲရှိ arachidonic အက်စစ်တစ်မျိုးက လူ့ခန္ဓာကိုယ်အတွင်းကောင်းသောဆဲလ်များကို ဖျက်ဆီးပစ်သည့်အပြင် ကင်ဆာဆဲလ်များပြန့်ပွားခြင်းကိုလည်း အားပေးလေ့ရှိသည်။

အထူးသတိပြုရန်။

ရောဂါသည်များအနေဖြင့် ဆေးမြီးတိုများဖြင့် ကုသခြင်း မပြုလုပ်ကြဘဲ နားလည်တတ်ကျွမ်းသောဆရာဝ န်များနှင့်သာ စနစ်တကျကုသမှုခံယူပါ။   ။