အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ ပြန်လည်အတည်ပြုမည်

ရန်ကုန်၊ ဘောလုံး

၂၀၂၁ ဘောလုံးရာသီ အမျိုးသမီးလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ ပြန်လည် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

မူလက ယခုနှစ်အမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ရှစ်သင်းဖြင့် ကျင်းပရန် လျာထားသော်လည်း လက်ရှိတွင် အသင်းတချို့  အပြောင်းအလဲပြုလုပ်မည့်အပြင် အသင်းထပ်တိုးလာဖွယ်လည်းရှိသည်။ ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လိဂ်ကော်မတီအစည်းအဝေးအပြီးတွင် ယခုနှစ် အမျိုးသမီး လိဂ်ဘောလုံးပြိုင်ပွဲကို ဧပြီလမှ ဇူလိုင်လအထိ ကျင်းပရန်လျာထားကြောင်း မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပြန် ခဲ့သည်။

၂၀၁၉ ဘောလုံးရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းသုံးသင်းခန့် နုတ်ထွက်ရန်ရှိပြီး မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းအပါအဝင် အသင်းသစ်တချို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၂၁ ဘောလုံးရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့၌သာ ယှဉ်ပြိုင်ကစားရန်  စီစဉ်ထား ကြောင်း၊ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ အသင်းပေါင်းရှစ်သင်းဖြင့်ကျင်းပခဲ့ရာ မြဝတီ အသင်းက ချန်ပီယံဆုနှစ်ကြိမ်နှင့် အား/ကာသိပ္ပံအသင်းက ချန်ပီယံဆုတစ်ကြိမ်ရရှိထားကြောင်း သိရသည်။

ကိုရဲ