အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြား

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(/၂၀၂၁ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြား

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့အစည်းအဝေးသည် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပထမဦးဆုံးကျင်းပ သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါသဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားမည်”ဟူသည့် လုပ်ငန်းစဉ် ချမှတ်ထားသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်တွင် လည်း “ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါအတိုင်း အလေးထားဆောင်ရွက်သွားရေး” ဟူသည့် ဦးတည်ချက်ချမှတ်ပြီး NCA ကို အလေးထားအကောင်အထည်ဖော်ဆောင် ရွက်သွားရန် ဦးတည်ရည်မှန်းထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။

အမှန်တကယ်တွင် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ တစ်ဆင့်တိုင်းရင်း သားပြည်သူ အားလုံးအလိုရှိနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော အခင်းအကျင်းများကို အုတ်မြစ် ချထားခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားနိုင် မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စုပုံသဏ္ဍာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကိုလိုက် နာရန် အလွန်အရေးကြီးကြောင်း၊ မည်သို့ပင်ကြီးမားသည့်ပြဿနာများဖြစ်ပါစေ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလျဉ်းသင့်၍ ယခင်အစိုးရလက်ထက်က အခြေအနေတစ်ခုကို ပြောရပါက မိမိတို့ တပ်မတော်အနေဖြင့် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံ  အခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူရန် မိမိကိုယ်တိုင် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း လျစ်လျူ ရှုခံခဲ့ရကြောင်း၊ ထို့ပြင်မဲမသမာမှုများနှင့်ပတ်သက်ပြီး ယခင် UEC နှင့် နိုင်ငံရေးပါတီ များအကြား တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်း ကို ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားချက်အရ တပ်မတော်ကမလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ တိုင်းရင်းသားများကြားတွင် မကျေလည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှု များသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်နိုင်မည် ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်လည်း NCA ပါ သဘောတူချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမည်ဟုဖော်ပြ ထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်းများ ဆောင်ရွက်၍ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ မရှိသည့်အတွက်ကြောင့် ဆောင်ရွက်၍မရဟုထင်မြင်ယူဆနိုင် သော်လည်း ရွေးကောက်ပွဲ ထပ်မံကျင်းပပြီးပါကလက်ရှိရှိနေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များကသာ ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်လာမည့်အပြင် အများစုအနိုင်ရသည့် ပါတီကလည်းအစိုးရဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လက်ရှိ ရှိနေသည့် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် အစိုးရအစုအဖွဲ့တို့ဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားခြင်းအားဖြင့် မိမိတို့ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍လည်း ကောင်း မည်သို့ပင်အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ် သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန်လိုအပ် ကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီပါက ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေ စီနှင့် လုံးဝကိုက်ညီမှုမရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ် မှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို မိမိတို့လူ့အဖွဲ့အစည်းအတွင်းမကျင့် သုံးနိုင်အောင် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။

ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပါယ်အမျိုးမျိုး၊ စံနှုန်း အမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေ ဆောင်ရွက် သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် တရားစီရင်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင် လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

သာဓကအားဖြင့် ၂၀၁၄ခုနှစ် လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင်လူဦးရေ ၅၈ သိန်းကျော်၊ ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးတွင် ရှမ်း ၃၅ ဒသမ ၂၃ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ရာခိုင်နှုန်း၊ ပအို့ဝ် ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ ‘ဝ’ ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဓနု ၄ ဒသမ ၄ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ရာခိုင်နှုန်း၊ လားဟူ ၄ ဒသမ ၀၅ရာခိုင်နှုန်း၊ ဂျိန်းဖော ၂ ဒသမ ၃၅ရာခိုင်နှုန်းနှင့်ကျန်တိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင်နှုန်း ရောနှောနေထိုင်နေခြင်းကို တွေ့ရကြောင်း၊ အလားတူ ကချင် ပြည်နယ်တွင်ဆိုပါက လူဦးရေ၁၆ သိန်းကျော်ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုး တွင် ဗမာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လောဝေါ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသားများ အနေဖြင့် ၈ ရာခိုင်နှုန်းရောနှောနေထိုင်နေသည်ကို တွေ့ရကြောင်း၊ ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရှမ်းလူမျိုး ၃၅ရာခိုင်နှုန်းကျော်၊ ကချင်ပြည်နယ် ဟုဆိုသော်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူမျိုးအလိုက်ပြည် နယ် သတ်မှတ်လိုက်ခြင်းသည် အခြားလူမျိုးများကိုလည်း မိမိတို့လူမျိုးနာမည်နှင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ လူမျိုးတစ် မျိုးတည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်နယ်အတွင်းတွင် နေထိုင်သည့် လူမျိုးအားလုံး က ပိုင်ဆိုင်ခြင်းဆိုသည့် လက္ခဏာဆောင်သည့် ဒေသအမည်ကို အစွဲပြုသည့် ပြည်နယ် အမည်ဖြစ်ပေါ်လာနိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်မည်ဟု မိမိယူဆကြောင်း၊ ယင်းနှင့်ပတ်သက်၍လည်း အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရန် တိုက်တွန်းလိုကြောင်း။

မိမိတို့ယနေ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏သားစဉ် မြေးဆက်လူငယ်များအတွက် တည်ငြိမ်သည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အမျိုးသားရေးတာဝန် အဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား အတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ဖော်ဆောင်နေခြင်း မဟုတ် သည်ကို ပြောကြားလိုကြောင်း။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်တာဝန်လွှဲပြောင်းရယူ ခဲ့ပြီးနောက်တွင် လိုအပ်သော တည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည်ပါတီကို အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တာဝန်ယူစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွဲချော်နေသည့် လုပ်ငန်းစနစ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားလုံခြုံရေးကိုထိခိုက် စေသည့် လုပ်ငန်းစဉ်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်တည့်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ခြင်းသည် တပ်မတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်းပြောကြားသည်။

 ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများ ကျင်းပနိုင်ခဲ့မှုနှင့် သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့မှု၊ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီများဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု၊ အစိုးရ၊ NCAs-EAO ခေါင်းဆောင်များသီးသန့်ဆွေးနွေးနိုင်ခဲ့မှုများနှင့် သဘောထားထုတ်ပြန်ချက်များထုတ် ပြန်ခဲ့မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးများကျင်းပနိုင်ခဲ့မှု၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ခဲ့မှု၊ ၂၀၂၀ အလွန် အဆင့်အလိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက်အကောင်အထည် ဖော်မှုအခြေအနေ၊ လမ်းညွန် အခြေခံမူသဘောတူညီချက်များ ဆက်လက်ဆွေးနွေးရန် အချက်များကျန်ရှိမှု အခြေ အနေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆွေးနွေး ခဲ့မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်  ဗဟိုကော်မတီဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊  မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်နှင့် ဦးစိုင်းလုံးဆိုင်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေ‌ရေးအတွက် ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့ ကိုတိုးချဲ့ဖွဲ့စည်းပေးရေး၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးနှင့် မကြာခဏတွေ့ဆုံဆွေးနွေး နိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများ အမိုးအကာအောက်ပြန် လည်ရောက်ရှိရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့်ကာလတွင် တိုင်းရင်းသား အားလုံး NCA တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ် အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ကောလာဟလသတင်းများ နှင့်ပတ်သက်၍ သတင်းအမှန်အား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရန်၊ ပြည်နယ်အဆင့်ကော်မတီများ ပြန်လည် ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရေးတို့ကို ဆက်လက် ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကော်မတီများကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများနေရပ်ပြန်နိုင်ရေးနှင့် နေထိုင်မှုအဆင်ပြေစေရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တပ်မတော်အပေါ်သဘောထားအမြင် ကွဲလွဲနေမှုအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပုံမှန်လုပ်ငန်းများသာဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင်လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် လျှောက်လှမ်းရန်လိုအပ် ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားအားလုံး ခံစားစေလိုကြောင်း။

လက်ရှိရောက်ရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း(၄)ပိုင်းခွဲပြီး စဉ်ဆက်မပြတ် ညှိနှိုင်ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင် ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လို အပ်ကြောင်း၊ NCAအရ တရားဝင်အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင် သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး (က) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်၊ (ခ) တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း ဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကိုကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်၊ (ဂ) အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လိုအပ် သည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊ (ဃ) ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စီမံချက်များချမှတ်ဆောင်ရွက် ရန်နှင့် (င)လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားစေမည့်အခြေခံအကြောင်းအရာများကို သုတေသနပြုဖော်ထုတ်ပြီး ကာကွယ်တားဆီးဆောင်ရွက်သွားရန် စသည့်လမ်းညွှန်ချက် (၅)ရပ် ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လုပ်ငန်းကော်မတီအနေဖြင့် လိုအပ်သည့်အချိန်ဇယားနှင့် မဟာဗျူဟာများကို ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း၊ ဗဟိုကော်မတီအစည်းအဝေးကို လိုအပ်ချက်အပေါ်မူတည်ပြီး အခါ အားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီသည် ဖွံ့ဖြိုးရေးကိစ္စများ၊ IDP ကိစ္စများ၊ NCA အခန်း(၆)တွင်ပါဝင်သည့် ကြားကာလဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌများနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစိတ်ဆောင်ရွက်ရမည့် ညှိနှိုင်းမှုများကို ညှိနှိုင်းရေးကော်မတီက ဆက်လက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် အချိုးကျနေသည့်အတွက် ဟန်ချက်ညီအကောင် အထည်ဖော်ဆောင်ရွက်သွားရန်လို ကြောင်းဖြင့်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။