အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

တံတားစခန်းရောက်လျှင် နံပါတ် ၄ တိုင်ညီနောင်ကို ကြည့်ကြသည်။ ရေလယ်ဖောင်ကြီးပေါ်မှ မြေကြီးများတူးနှိုက်နေသည်ကို ကြည့်ကြသည်။   ထို့နောက်အခြေအနေများကို မေးသည်။ သောင်းဒန်က လက်ရှိအခြေအနေကိုရှင်းပြသည်။

‘အင်း တယ်လက်ဝင်တာကိုးဗျ။ အင်းဗျာ၊ ပြီးအောင်သာ ဆောက်ကြ။ လိုတဲ့အကူအညီကို တောင်း’ ထိုနေ့ညတွင် စင်ရော်မြို့၌ အိပ်ကာ နောက်တစ်နေ့နံနက်တွင် လေယာဉ်ပျံနှင့်စိမ့်မြိုင်သို့ ပြန်သွားကြလေသည်။ ကျော်ဆွေသည် စစ်ကားများနှင့် စခန်းသစ်သို့ပြန်၍လိုက်သွားသည်။ လမ်းတွင် လက်စသိမ်းစရာရှိသည်တို့ကို သိမ်းသည်။ အလုပ်သမားများကို ပြန်၍စုစည်းကာ စခန်းသစ်သို့စစ်ကားများနှင့်ပြန်ခေါ်သွားသည်။ တစ်လမ်းလုံးရှိ   အစောင့်အကြပ်တပ်များကိုတပ်ရင်း ၃၁၀ တပ်ရင်းမှူးက ရုပ်သွားသည်။ ထိုနေ့ညတွင် ကျော်ဆွေကောင်းကောင်းအိပ်ပျော်သည်။ တာဝန်တစ်ခု ပြီးဆုံးသွားပြီ။ ဟင်းချနိုင်ပြီ။ သက်မ ချနိုင်ပြီ။ သို့သော် နောက်တစ်နေ့နံနက်တွင် သတင်းဆိုးတစ်ခုကို ကျော်ဆွေကြားရလေသည်။ ယင်းမှာ သူဆောက်ခဲ့သောတံတားအားလုံးကို ညကသူပုန်များမီးရှို့သွားခြင်းပင်ဖြစ်သည်။ ထိုတံတားများကို ပြန်၍ဆောက်ခဲ့သော် သေဒဏ်။ ကျော်ဆွေသည် ခေါင်းငိုက်စိုက်ချကာ တံတားစခန်းသို့ရောက်လာသည်။  ထိုသတင်းကို  သော်ကောင်း၊ သောင်းဒန်အားလုံးကြားကြပြီးဖြစ်သည်။  စခန်း၌သော်ကောင်းရောက်နေသည်။ ကျော်ဆွေ ရောက်လာသဖြင့် စင်ရော်တွင်မအိပ်ဘဲ စခန်းသို့လိုက်လာခြင်းဖြစ်သည်။

‘ကဲ၊   ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့သောင်းဒန်ဝှိုက်စကီကိုပဲ ဆော်ရတော့မှာပဲ။ ငါကတော့ တံတားတွေပြီးလို့ စိတ်အေးလက်အေးဖြစ်နေပါတယ်။ နင့်အမေလွှား နောက်ထပ်ဆောက်ရင် သေဒဏ်တဲ့’

‘အင်း၊ ကိုကျော်ဆွေတို့တော့ ခေါင်းကလေးပြုတ်တော့မယ်ဗျား။ သတိသာ ထားပေတော့’ သောင်းဒန်အရှိန်ရနေသည်။ ယခုမှ သူ့တွင်အဖော်ရလာပြီ။

‘သော်ကောင်းက မြို့ပျက်ကြီးကိုထပ်ဆောက်။ မင်းက တံတားပျက်တွေထပ်ဆောက်။   ငါက ကျောက်ဖျာကြီးပေါ်တိုင်ကြီးဆောက်။ ကောင်းမှကောင်းကွာ’

‘ဟေ့၊ အဲဒီ တံတားတွေ ငါထပ်ပြီးဆောက်ရဦးမှာလားကွ။ အခု ငါစံပယ်ချောင်းပရောဂျက် ရောက်နေပြီမဟုတ်လား။   ပြောစမ်းပါဦးကွ၊ အရေးပိုင်မင်းရ’ ကျော်ဆွေဖောက်လာသည်။

‘ဒီအတိုင်းနေကွာ၊ မင်းဘာမှထပ်ပြီး လုပ်ဖို့မလိုသေးဘူး။ ဒီတစ်ခါဆိုရင် လမ်းတစ်လမ်းလုံး စစ်တပ်ချပြီးမှဆောက်လို့ဖြစ်မှာ။ ခုအထိတော့ နောက်ထပ်ဘာအမိန့်မှမလာသေးဘူး။ ငါလည်း မမေးအားဘူး။ သူတို့လည်းအခြေအနေသိပါတယ်ကွာ။ အခြေအနေအရ ခိုင်းမှာပါ။ ပူမနေပါနဲ့’ ကျော်ဆွေမပူပါ။   တာဝန်သစ်ဖြစ်သော စံပယ်ချောင်းသို့ မှန်မှန်သွားသည်။ နံနက် ၅ နာရီထိုးပြီဆိုလျှင်ကျော်ဆွေအိပ်ရာမှ နိုးသည်။ ကော်ဖီတစ်ခွက်သောက်ကာ  တုတ်တစ်ချောင်းကိုင်၍  စံပယ်ချောင်းအထိ လမ်းလျှောက်သည်။ သုံးမိုင် ပျော့ပျော့ခရီးဖြစ်ရာ ၇ နာရီထိုးမှ စံပယ်ချောင်းသို့ရောက်သွားသည်။ ကော်ဖီပူပူသောက်သဖြင့်   တစ်ခါတစ်ရံလမ်းလျှောက်ရင်း နောက်ဖေးသွားချင်လာသည်။ ထိုအခါ လမ်းဘေးချုံစပ်သို့ဝင်လိုက်သည်။ လွတ်လွတ်လပ်လပ် နောက်ဖေးထိုင်ရသည်မှာ အလွန်ကောင်းသည်။ စခန်းတွင် အိမ်သာစော်နံလှသည်။ စံပယ်ချောင်းတွင် တစ်နေကုန်ရုံးထိုင်သည်။ လမ်းများကြိတ်နေသည်ကို လိုက်၍ကြည့်သည်။ တံတား တိုင်များ ကွန်ကရစ်လောင်းနေသည်ကိုကြည့်သည်။ နံနက် ၁၁ နာရီလောက်တွင် ကားတစ်စီးက သူ့အတွက် ထမင်းချိုင့်သယ်လာသည်။ ညနေ ၅ နာရီထိုးမှ စခန်းသို့ပြန်သည်။ သူ့ရုံးသည် လမ်းခုလတ်ဖြစ်နေသဖြင့် သောင်းဒန်နှင့်သော်ကောင်းတို့    နှစ်ယောက်စလုံးနှင့်အဆက်အသွယ်ရနေသည်။   ရုံးပေါ်မှ ထိုင်ကြည့်နေလျှင်စင်ရော်သို့ပါသွားကြသည့်အလုပ်သမားများကို သူတွေ့လိုက်ရသည်။ စင်ရော်မှ ပြန်လာသူများကိုလည်းမြင်လိုက်ရသည်။ ဘယ်သူ ဘယ်အချိန်က ဘာကားနဲ့ပါသွားပြန်ပြီ၊ ဘယ်သူတော့ စခန်းထဲက ကောင်မလေးတွေနဲ့တွဲပြီး စင်ရော်ကိုထွက်သွားလေရဲ့။ ဤသို့ဖြင့် စံပယ်ချောင်းသည် သတင်းစုံရပ်ကွက်။

‘မင်းစခန်းက ကောင်မလေးတွေက လှိုင်းကြီး၊ပါတိတ်တို့ တယ်ပေါကိုးကွ။ အရင် တနင်္ဂနွေက အပြာရောင်ဆိုရင် အခု တနင်္ဂနွေမှာ အဝါရောင်။ ရောင်စုံပဲဗျာ။’ ဤသည်မှာ မိန်းကလေးများအကြောင်း။

‘မင်းကောင်တွေ စနေ၊  တနင်္ဂနွေဆိုရင် ယိမ်းထိုးနေတာပဲ။ စင်ရော်လာလာပြီး အရက်သောက်ကြတာ။ ညညကျရင် စခန်းမပြန်နိုင်လို့ တို့စံပယ်ချောင်းဝင်ဝင်အိပ်ကြတယ်တဲ့။ တစ်ခါတလေ ကောင်မတွေပါလာသတဲ့’ ဤသည်မှာ ဇိုးငနဲများ အကြောင်း။ ကျော်ဆွေသည် စခန်းသို့ရောက်လာမှ ပျော်နေသည်။ ညနေတိုင်း အလုပ်မှပြန်လာလျှင် စောသာအေးအိမ်သို့စ၍ ဝင်သည်။ မီးဖိုချောင်အထိဝင်ကာ ဟင်းအိုးများကိုလှပ်ကြည့်သည်။   ထမင်းစားနေခိုက်ဆိုလျှင်ဟင်းမြည်းသည်။ ထို့နောက် ခင်မောင်စိန်တို့ အိမ်ဘက်သို့ကူးသည်။ ခင်မောင်စိန့်သားကြီး တုတ်ကြီးက သူ့ကိုမြင်လျှင် အသံအောကြီးနှင့် ‘‘ဆရာ’’ဟု သူ့အဖေခေါ်သလိုအတိုင်း ခေါ်သည်။ အားတိုင်းမွေးလေးလားဟဲ့ဟု ပါးကိုလိမ်ဆွဲခဲ့သည်။ ထိုအိမ်ကဆင်းလျှင် လှမင်းတို့အိမ် ဝင်ပြန်သည်။

‘အင်း၊ ခင်ဗျား ယောကျ်ားတော့ ပြန်လာရတော့မှာမဟုတ်ဘူး’ လှမင်းကို သော်ကောင်းက ‘‘အိမ် မပြန်တော့နဲ့ကွာ၊ ငါနဲ့အတူ တစ်ပတ်လောက်လာနေ’’ဟု ခေါ်သွားသည်။

‘လာမှာပေါ့ရှင်၊ တစ်ပတ်ပဲလို့ ပြောသွားတာ’

‘အရေးပိုင်မင်းက လူပျိုကြီးဗျ။ ကိုယ်ချင်းစာတတ်တာ မဟုတ်ဘူး’ ခင်ခင် နှုတ်ခမ်းစူလာသည်။

‘မထူးပါဘူး၊ ရှင်တို့  အတူတူချည်းပါပဲ။ ဦးသောင်းဒန်ကလည်း သူ့မိန်းမပါမလာတော့ ကိုယ်ချင်းမစာဘူး။ ကိုလှမင်းကိုချည်း ခိုင်းတာပဲ။ ညအိပ်ညနေ သွားစရာ ရှိရင်လည်း ကိုလှမင်းပဲ။ တစ်နေကုန် တစ်နေခန်းလုပ်စရာရှိလည်း ကိုလှမင်းပဲ’ ထိုအကြောင်းကို သောင်းဒန်အား ပြောပြသည့်အခါ သောင်းဒန်ရယ်သည်။

‘ဟုတ်တယ်ကွ။ သော်ကောင်းက လှမင်းအိပ်ရာလိပ်ခဲ့ကွာ၊ ငါနဲ့ တစ်ပတ်လောက် လာနေလှည့်လို့ခေါ်တော့ ဒီကောင် ဘာမှမပြောရဲဘူး။ အိပ်ရာလိပ်ပြီးကောက်ကောက်ပါအောင် လိုက်သွားတာပဲ။ ခင်ခင်ကမျက်နှာလေးမဲ့ပြီး ကျန်ရစ်ခဲ့တယ်။ တို့ရယ်လိုက်ရတာကွာ’ လှမင်းအိမ်မှဆင်းလျှင် ရှမ်းမ နန်းခမ်းလုံအိမ်သို့လှမ်း၍အော်သည်။

‘ရှမ်းပြည်နယ်က ပါလာတာကတစ်ယောက်။ ဒီမှာမွေးဦးမှာက နောက်တစ်ယောက်။ အားတိုင်းမွေးတွေ၊ အားတိုင်းမွေးတွေ’

‘ဦးကျော်ဆွေတို့က   မမွေးရတော့ပြောမှာပေါ့’ ရှမ်းသံဝဲ၀ဲနှင့် နန်းခမ်းလုံက ပြန်တွယ်လိုက်သည်။

‘တို့ဖို့ ပဲပုပ်တစ်ခွက် ပို့လိုက်စမ်း’ ဤသို့ဖြင့် ကျော်ဆွေ  အိမ်သို့ရောက်လာသည်။ ရေချိုး၊ ထမင်းစားကာ အိပ်ရာထဲသို့ထိုးဝင်ကာ ရေဒီယိုနားထောင်သည်။ နားထောင်ရင်းပင် အိပ်ပျော်သွားတတ်လေသည်။ ထိုအချိန်တွင်   ဆရာကြီးသောင်းဒန်အောက်သို့ ဆင်းသွားသည်။ အလုပ်အကြောင်း စောသာအေးထံ စနည်းနာသည်။ ရဲဘော်များ၏ ကင်းတဲသို့သွား၍ အရပ်သတင်း၊ သူပုန်သတင်း စနည်းနာသည်။ သောင်းဒန် ပြန်လာသည့်အခါ ကျော်ဆွေ တခေါခေါဟောက်နေပြီ။

‘ဒီကောင် ခုတလော အသားမွေးနေတာဗျ။ အရက်တိုက်လည်း မသောက်ဘူး။ ညလည်း အစောကြီး အိပ်ရာဝင်၊ လူကိုဝဖီးလာတာပဲ။ ဒီကောင်မိန်းမယူတော့မှာဗျ။ လိမ္မာနေပြီ’ သောင်းဒန်က မကျေနပ်သံနှင့်ကလိသည်။  ထိုအကြောင်း သော်ကောင်းကိုလည်းပြောသည်။ သော်ကောင်းသည် ယခုနေအခါ သူတို့ကို စိတ်မဝင်စားနိုင်အား။ မြို့ကွက်ရိုက်၊ မြို့သစ်တည်နှင့် မအားရအောင်  အလုပ်များနေသည်။ တစ်ခါတစ်ရံမှ တံတားဘက်သို့လှည့်လာကာ အခြေအနေစုံစမ်းသည်။ စနေနေ့ တစ်နေ့တွင် သော်ကောင်းတံတားသို့ ရောက်လာသည်။ သူနှင့်အတူ လှမင်းလည်းပြန်လိုက်လာသည်။ လှမင်းပြန်လာလျှင် ခင်ခင်ပြုံးသည်။ ခင်ခင့်မျက်နှာ သကာရည်လောင်းထားရသလား အောက်မေ့ရသည်။ တစ်မျက်နှာလုံးချိုလာသည်။

‘ဘယ်လိုလူမှန်း   မသိပါဘူးကွာ။ တစ်နေ့ညက ဘာစိတ်ကူးပေါက်တယ်မသိဘူး။ ည ဆယ့်တစ်နာရီ လောက်ရှိမှ အိပ်ရာကထတဲ့ ပြီး လာဟေ့လှမင်း၊ မြို့သစ်ဘက်က လမ်းတွေသွားကြည့်ရအောင်ဆိုပြီး ငါ့ကိုအိပ်ရာထဲက ခေါ်သွားတယ်။   သူသွားတော့ ငါလည်းထလိုက်ရတာပေါ့ကွ’ လှမင်းကခင်ခင့်အား သော်ကောင်းအတင်းပြောသည်။       

ဆက်လက်ဖော်ပြပါမည်။