အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ရှေ့တန်းတင်အသုံးချလာမှုများအား သတိပြု ထိန်းသိမ်းစောင့်ရှောက်ရေး

နေပြည်တော် ဧပြီ ၂

 NLD ပါတီဝင်များ နှင့် NLD ဝန်းရံ အစွန်းရောက်သူများအနေဖြင့် ပြည်သူများ လမ်းပေါ်သို့ ရောက်ရှိလာစေရန် ရည်ရွယ်၍ နည်းမျိုးစုံဖြင့် လှုံ့ဆော် သွေးထိုးလျက်ရှိပြီး နိုင်ငံရေးအပေါ် သိတတ်နားလည်မှု မရှိနိုင်သေးသည့် နုနယ်လှသော အပြစ်ကင်းစင်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များကိုပါ ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် ရှေ့တန်းတင် အသုံးချလာကြသည်ကိုတွေ့ရှိနေရသည်။

၎င်းအပြင် ကလေးသူငယ်များအား လူအများထိခိုက်ဒဏ်ရာရရှိစေနိုင်သည့် လက်နက်များကို ကိုင်ဆောင်၍ အကြမ်းဖက်မှုတွင် ပါဝင်စေခြင်း၊ အားပေးအား မြှောက်ပြုလုပ်ကာ ငွေကြေးပေးခြင်း၊ ဆုချီးမြှင့်ခြင်းများဖြင့် မက်လုံးပေးစည်းရုံးခြင်း၊ ကော်ရှုစေခြင်း၊ စိတ်ကြွမူးယစ်ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲစေခြင်းဖြင့် ကြောက်လန့်မှု ကင်းမဲ့စေကာ ဆူပူမှုများတွင်ရှေ့တန်းတင်ပါဝင်စေခြင်းစသည်ဖြင့် အသုံးချလျက်ရှိသည်ကို စိတ်မကောင်းစရာ အဖြစ်ဝမ်းနည်းကြေကွဲဖွယ်ရာတွေ့ရှိရသည်။

ထို့ကြောင့် ကလေးသူငယ်များနှင့်စပ်လျဉ်း၍ အထူးပြုဆောင်ရွက်လျက် ရှိသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးငယ်များရန်ပုံငွေအဖွဲ့ (UNICEF) ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်း အနေဖြင့် ကလေးသူငယ်များအား ယင်းကဲ့သို့ အသုံးချနေမှုအပေါ် ကန့်ကွက်တားဆီးသင့်ပါကြောင်းနှင့်မိဘပြည်သူများ အနေဖြင့် လည်း မိမိတို့၏ကလေးသူငယ်များကို နိုင်ငံရေး အသုံးချကိုယ်ကျိုးရှာသူများ၏ အသုံးချ ခံမဖြစ်စေရေးနှင့် လမ်းမှားမရောက်စေရေး ထိန်းသိမ်းစောင့်ရှောက် သွားရန်လိုအပ် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။