အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌နွေရာသီသင်တန်းများ ဖွင့်လှစ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌နွေရာသီသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၅

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများ အတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့ကလုတ်နန္ဒ ဝန်ဉယျာဉ်ကျောင်း ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကော့ကလုတ်နန္ဒ ဝန်ဉယျာဉ် ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ယဉ်ကျေး လိမ္မာသင်တန်းနှင့် သက်ဆိုင်သော ဩဝါဒကထာ ချီးမြှင့်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သင်တန်းသား၊ သင်တန်းသူများအား သင်ကြားရေးအထောက် အကူပြုပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၉၅ ဦးဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌လည်း အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၅၂၀ ဦးဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
အလားတူ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ်(၁/ ၂၀၂၂) ဖွင့်ပွဲကို တိုင်းစစ်ဌာန ချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ မြန်မာ့သိုင်းနည်းပြဆရာများ၏ အရုပ်ပြလေ့ကျင့် ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၄ ဦးဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၇၀ ဦးဖြင့် မေ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။