နေပြည်တော် မေ ၇
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၀)ကြိမ်မြောက် ရှင်ပြုအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်း ဦးစီးပဓာနဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရှင်သာမဏေလောင်းများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာ နှင့်အညီ ရှင်လောင်း လှည့်လည်ကြပြီး နန်းမြို့ဆုတောင်းပြည့်ဘုရားအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ရန်အောင်မြင်ခန်းမ၌ သံဃာတော်များ၊ တိုင်းမှူးနှင့်အလှူရှင်များက ရှင်သာမဏေလောင်းများအား ဆံချ မင်္ဂလာ ပြုလုပ်၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရအမှူးပြုသော သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော် များကို နာယူကြပြီး သံဃာတော်များနှင့် ရှင်သာမဏေများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များနှင့် ရှင်သာမဏေများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)