ဒုတိယဂိုးသွင်းပြီး လူစားလဲလိုက်ရခြင်းမှာ ဗိုက်ပြဿနာကြောင့်ဟုရှင်းပြအာဆင်နယ်အသင်းသည် ဇန်နဝါရီ ၁၈ ရက်ညက နယူးကာဆယ်နှင့်ယှဉ်ပြိုင်သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် သုံးဂိုးပြတ် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းစာရင်းအတွင်း ပြန်ဝင်လာခဲ့သည်။ ထိုပွဲတွင် အာဆင်နယ်အတွက် ယခုရာသီ ဂိုးသွင်းနှုန်းကျဆင်းနေသော အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် တစ်ဂိုးစီသွင်းကာ လူငယ်ကစားသမား ဘူကာယို ဆာကာက တစ်ဂိုးသွင်းယူပေးခဲ့သည်။
အူဘာမီယန်းသည် ပထမပိုင်းကတည်းက ဂိုးသွင်းခွင့်များရခဲ့သော်လည်း ဒုတိယပိုင်းမှသာ ယခုရာသီ လေးဂိုးမြောက်နှင့် ငါးဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးများကို သွင်းယူနိုင်ခဲ့ကာ ဒုတိယဂိုးသွင်းပြီး မကြာမီ လူစားလဲကာ ကွင်းထဲမှထွက်သွားခဲ့ရ၍ ဟက်ထရစ်ရမည့်အခွင့်အရေးကို နည်းပြအာတီတာ က ဖျက်ဆီးခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့ရသည်။
သို့သော် ပွဲအပြီးတွင် အာတီတာက”အူဘာမီယန်း ရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်ပါတယ်။ ဒီပွဲမှာကစားတဲ့ခြေစွမ်းကို ချီးကျူးဂုဏ်ပြုပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ဖို့က စိတ်ဓာတ်ခိုင်မာဖို့ အရမ်းလို အပ်တယ်။ သူ့မှာ ခက်ခဲတဲ့အချိန်တွေရှိနေခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကို ကျွန်တော်တို့ မျှော်လင့်နေခဲ့ရ တယ်။ သူပြန်လာနိုင်ခဲ့ပါတယ်။ နှစ်ဂိုးသွင်းသလို အသင်းကိုလည်း အကောင်းဆုံးဦးဆောင်အားဖြည့် ကစားပေးသွားတယ်။ ဒါက ကျွန်တော်တို့လိုအပ်နေတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက် ကျေနပ်ရတယ်။ လူစားလဲလိုက်ရတာကလည်း လဲဖို့ဖြစ်လာလို့ပါ။ သူ့မှာ ဗိုက်ပြဿနာရှိနေခဲ့တော့ လဲလိုက်ရတာပါ”ဟု ရယ်မောပြောဆိုခဲ့သည်။
ထိုပွဲတွင် ဆာကာ၏သွင်းဂိုးအတွက် တစ်ကိုယ်တော်ဘောလုံးလိမ်ခေါက်ဆွဲပြေးပြီး အနီးကပ်ဖန်တီး ပေးခဲ့သော လူငယ်ကစားသမား အမ်မလီစမစ်ရိုဝီကစားသွားသည်ကို ဘောလုံးပွဲသုံးသပ်တင်ဆက် သည့် ဂယ်ရီနဗီးကချီးကျူးခဲ့ပြီး ထိုကစားပုံကိုမြင်ရသည်မှာ ဝင်းဂါး အာဆင်နယ်နှင့်ရွှေခေတ်က ရောဘတ်ပီရက်စ်ကစားသည်ကို မြင်ယောင်မိကြောင်း ချီးကျူးခဲ့သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးခုနစ်ပွဲတွင် နှစ်မှတ်သာရခဲ့သည့်အတွက် အဆင့် (၁၅) နေရာရောက်သွားပြီး တန်းဆင်း အန္တရာယ်နှင့်နီးကပ်လာသည်။