အာဆင်နယ်နည်းပြ သက်တမ်းတစ်နှစ်တာက တခြားနည်းပြတစ်ဦး ၁ဝ နှစ်တာ အတွေ့အကြုံနှင့် ညီမျှနေကြောင်း အာတီတာဆို

အာဆင်နယ်နည်းပြအဖြစ်  တစ်နှစ်တိတိတာဝန်ယူခဲ့သော စပိန်နိုင်ငံသား အာတီတာက   မိမိ၏  အာဆင်နယ်နည်းပြ သက်တမ်း   တစ်နှစ်တာက တခြားနည်းပြတစ်ဦး  ၁ဝ  နှစ်တာအတွေ့အကြုံနှင့် ညီမျှနေကြောင်း  ခိုင်းနှိုင်း ပြောခဲ့သည်။ အာဆင်နယ်အသင်းသည် ဒီဇင်ဘာ  ၁၉ ရက်ည အဲဗာတန် နှင့်  ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီ   ရလဒ်ဆိုးများကြောင့်  အဆင့် (၁၅) နေရာ၌ ရောက်ရှိနေပြီး   အသင်းသမိုင်းတစ်လျှောက်  အဆိုးရွားဆုံး အနေအထားနှင့် ရင်ဆိုင်နေရသည်။

အာတီတာသည်  အာဆင်နယ်ကို နည်းပြသည့်ကာလအတွင်း ဝင်ဘလေ ကွင်း၌ကစားရသော အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးရရှိ နိုင်သော်လည်း မိမိ အာဆင်နယ်ကစားသမားအဖြစ် နှစ်ပေါင်းများစွာ ကစား ခဲ့စဉ်က အာဆင်နယ်အသင်းနှင့် လက်ရှိအာဆင်နယ်အသင်းမှာ များစွာခြားနား နေပြီဖြစ်ကြောင်း အာတီတာက ဖွင့်ဟခဲ့သည်။

အာဆင်နယ်သည်   အာတီတာကို ခန့်အပ်ပြီးနောက်   စီမံကိန်းသစ်များ ချမှတ်လိုသော်လည်း အာတီတာက ''အသင်းသမိုင်းမှာ စိန်ခေါ်မှုအပြင်းထန်ဆုံး နှစ်အဖြစ် တွေ့ကြုံနေတယ်။ မတူတဲ့အကြောင်း များစွာကြောင့်ပါ။ ပြောင်းလဲမှု ဖြစ်စဉ်များစွာလည်း ရှိခဲ့တော့ အရင်အာဆင်နယ်နဲ့  ခြားနားတယ်။ ဒီတစ်နှစ် အတွင်း ကျွန်တော်ရခဲ့တဲ့ အတွေ့အကြုံက တခြားနည်းပြတစ်ဦး  ၁ဝ နှစ်တာ ရတဲ့အတွေ့အကြုံနဲ့ ညီမျှတယ်'' ဟု ပြောသည်။