အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲကျင်းပမည့်ပုံစံပြောင်းလဲပြီး (၃၂) ကြိမ်မြောက်ဆီးဂိမ်း လက်ခံကျင်းပခွင့်ရရှိထားသည့် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပဖွယ်ရှိနေ

ရန်ကုန်၊ အားကစား

အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် ဆူဇူကီးမော်တော်ကားကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲ ကျင်းပမည့် ပုံစံပြောင်းလဲပြီး ၂၀၂၃ ခုနှစ်တွင် (၃၂) ကြိမ်မြောက်  အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲ (ဆီးဂိမ်း)  ကို  အိမ်ရှင်အဖြစ်   လက်ခံကျင်းပခွင့်ရရှိထားသည့်  ကမ္ဘောဒီးယားနိုင်ငံ၌  ကျင်းပဖွယ်ရှိနေကြောင်း  သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို   ၁၉၉၆   ခုနှစ်မှ စ၍နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပခဲ့ပြီး ပုံမှန်အတိုင်း ဆိုလျှင် ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်က  ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉  ရောဂါကြောင့်  တစ်နှစ်ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည်  (၃၂)  ကြိမ် မြောက်  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိထားပြီး  လက်ခံကျင်းပမည့် အားကစားကွင်းများလည်း ရှိနေသဖြင့် ပြိုင်ပွဲကို လက်ခံကျင်းပရန် အသင့်အနေ အထားတွင် ရှိနေသည့် အတွက် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း    အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)   မတိုင်မီကျင်းပရန်    အာဆီယံ ဘောလုံး အဖွဲ့ချုပ်က စဉ်းစားခြင်းဖြစ်သည်။

အစောပိုင်းက အာဆီယံဘောလုံးအဖွဲ့ ချုပ်က တိုက်ဂါးဖလားအမည်ဖြင့် ကျင်းပ ခဲ့သော်လည်း ၂၀၀၈ ခုနှစ်က  ဆူဇူကီး ကုမ္ပဏီနှင့်    စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီးနောက်    အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အမည်ဖြင့်    ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က   ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ခြင်းမရှိခဲ့ဘဲ အာဆီယံဒေသတွင်း နိုင်ငံ များမှ အုပ်စုနှစ်ခုခွဲကာ အုပ်စုပွဲစဉ် များမှစတင်ပြီး  ဗိုလ်လုပွဲအထိ  အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားသည့်စနစ်ဖြင့် ကျင်းပခဲ့ သော်လည်း လာမည့်ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါကြောင့်  အိမ်ရှင်နိုင်ငံအဖြစ်ရွေးချယ်ပြီး တစ်ကျော့တည်းကစားသည့်စနစ်ကို ပြောင်းလဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကိုဗစ်- ၁၉ ရောဂါကြောင့် ပြိုင်ပွဲဝင်အသင်းများကို ခရီးသွားလာခွင့် ကန့်သတ်လိုသည့်အတွက် အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်ကျင်းပရန် ပြင်ဆင်နေပြီး  အစောပိုင်းက  ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌    ကျင်းပရန်စီစဉ်ခဲ့သော် လည်း  လက်ရှိအချိန်ထိ  စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါကြောင့်  စိတ်ချရခြင်း မရှိသည့်အခြေနေများ ရှိနေဆဲဖြစ်သောကြောင့်   တခြား နိုင်ငံတစ်နိုင်ငံကို စောင့်ကြည့်နေခြင်းဖြစ်သည်။

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အကြိမ်တိုင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှု အဖြစ်   ဆီမီးဖိုင်နယ်အဆင့် ထိသာ တက်ရောက်နိုင်ခဲ့သည်။

အလားတူ ပြိုင်ပွဲစတင်ကျင်းပခဲ့သည့် အချိန်မှစတင်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်  နှစ်နှစ်လျှင်တစ်ကြိမ်  ကျင်းပခဲ့ရာ ၂၀၀၆  ခုနှစ်ကလည်း ပထမဆုံးအကြိမ် အဖြစ် ရွှေ့ဆိုင်းခဲ့ရဖူးပြီး ပြိုင်ပွဲကို ၂၀၀၇ ခုနှစ်မှသာ ကျင်းပနိုင်ခဲ့ကာ ယခုအခါ ဒုတိယ အကြိမ်မြောက်အဖြစ်   ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းခဲ့ရသည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ထားသည်။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ နောက် ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်က ဗိုလ်လုပွဲသို့ မလေးရှားအသင်းနှင့် ဗီယက်နမ်အသင်း တို့တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်အသင်း က အနိုင်ရရှိခဲ့ကာ လက်ရှိချန်ပီယံအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို သြဂုတ် ၁၀ ရက်က စင်ကာပူ နိုင်ငံ၌    ကျင်းပရန်စီစဉ်ထား သော်လည်း   ကိုဗစ်-၁၉   ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး မည်သည့်အချိန်တွင် ပြန် လည်ကျင်းပမည်ကို မထုတ်ပြန်ရသေးဘဲ အုပ်စုမဲခွဲပွဲအခမ်းအနားကျင်းပလျှင် ပြိုင်ပွဲ အသစ်ပြောင်းလဲကျင်းပမည့် ပုံစံများကိုလည်း တစ်ပါတည်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။      

STA