အာဆင်နယ်အသင်းမှ အိုဇေးလ်သည် ပြီးခဲ့သည့်ရက်ပိုင်းက တူရကီထိပ်တန်းကလပ် ဖီနာဘာချီသို့ ပြောင်းရွှေ့ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်ကလည်း ချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ဒရင့်ဝါးတားသည်လည်း တူရကီကလပ် ကာဆင်ပါဆာအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ရန် သဘောတူ လိုက်ပြီဖြစ်သည်။
ဒရင့်ဝါးတားသည် ချယ်လ်ဆီးအသင်း ပေါင် ၃၅ သန်းပေးခေါ်ခဲ့ရသူဖြစ်သော်လည်း နည်းပြ အဆက်ဆက် ၎င်းအား စီနီယာအသင်းကြီးတွင် နေရာမပေးခဲ့ဘဲ ချယ်လ်ဆီးအတွက် ၂၀၁၈ ခုနှစ် သြဂုတ်လက နောက်ဆုံးအကြိမ် ကစားခွင့်ရခဲ့သူဖြစ်သည်။ ဒရင့်ဝါးတားသည် ကြားကာလများတွင် ဗီလာနှင့် ဘန်လေအသင်းတို့သို့ အငှားသွားကစားခဲ့ရသော်လည်း ကစားခွင့်နည်းပါးခဲ့သဖြင့် ကာဆင်ပါဆာအသင်းသို့ အငှားသွားကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒရင့်ဝါးတားသည် ၂၀၁၇ ခုနှစ်က လက်စတာမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် စီနီယာအသင်းကြီးအတွက် ၂၃ ပွဲသာ ကစားခွင့်ရခဲ့သည်။