အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပ

 

အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကျင်းပ

ရန်ကုန်  ဇွန်  ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့  ကြီးမှူးကျင်းပသော  ၂၀၂၄ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (OLYMPIC  DAY  MOVEMENT 2024  BODY 

BUILDING  AND  PHYSIQUE   SPORT   COMPETITION ) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

အဆိုပါ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် အမျိုးသားအငယ်တန်း    ကာယဗလမောင်ပြိုင်ပွဲ၊ သက်ကြီးတန်းကာယဗလမောင်ပြိုင်ပွဲ(အသက် ၄၅ နှစ်မှအသက် ၆၀ နှစ်အထိ)၊ အမျိုးသား အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲ ၇၀ ကီလိုတန်းအထက်၊ အမျိုးသား Athletic Physique (အငယ်တန်း)ပြိုင်ပွဲ၊ အမျိုးသား Athletic Physique (အကြီးတန်း)ပြိုင်ပွဲ၊  အမျိုးသား Sport Physique (အငယ်တန်း)ပြိုင်ပွဲ၊  အမျိုးသား  Sport Physique (အကြီးတန်း)ပြိုင်ပွဲ၊ အမျိုးသား Fitness Physique ပြိုင်ပွဲ၊  အမျိုးသမီး Model Physique (အငယ်တန်း)ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (အကြီးတန်း) ပြိုင်ပွဲနှင့် အမျိုးသမီး Fitness Physique ပြိုင်ပွဲများပါဝင်ကာ ပြိုင်ပွဲဝင်ကစားသမားများက အတန်းလိုက် အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပဏာမရွေးချယ်ခံရသော အားကစားသမားများက သတ်မှတ်ကိုယ်ဟန်ခုနစ်မျိုးကို နောက်ခံတေးဂီတနှင့်အတူ ကျစ်လျစ်ခိုင်မာသော ကိုယ်ခန္ဓာအချိုးအစားများအား လှစ်ထုတ်ပြသယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး   အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ   လူမှုရေးရာဝန်ကြီး  ဦးဌေးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုးနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းပြိုင်ပွဲ၏ အလွတ်တန်းနှင့် အကြီးတန်းပြိုင်ပွဲများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲများ၌  ပထမဆုရရှိပြီးသူများနှင့်  နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိပြီးသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ကစားသမားအမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ  သိရသည်။    

ဝန်းရံခ

Dates: 
Tuesday, July 2, 2024 - 22:35