အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအသစ်ဖွင့်လှစ်

အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအသစ်ဖွင့်လှစ်

 
နေပြည်တော်၊ စက်တင်ဘာ- ၃

 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်ဖြည်းဖြည်းကျဆင်းနေပြီဖြစ်သော်လည်း နောက်ထပ်ဖြစ်ပေါ်ကြုံတွေ့လာရမည့် အခြေအနေများကို မျှော်မှန်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ တာဝန် ယူတည်ဆောက်ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ထွန်းမင်း၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းတည်ထောင်သူ ဦးဟိန်းထက်၊ စင်တာကုသရေးတာဝန်ခံ ဆေးရုံအုပ် ဒေါက်တာနိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်းတည်ထောင်သူအဖွဲ့ဝင် ဦးဝင်းကျော်က ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့်စင်တာဖွင့်လှစ်၍ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအသစ်ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆုတောင်းသစ်ပင်တွင် သဲပွင့်သွန်းလောင်းခြင်းနှင့် ဇီဝိတဒါနပြုမင်္ဂလာငှက်များ လွှတ်ပေးခြင်းများ ပြုလုပ် ကြသည်။

 
၎င်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် စင်တာ၌ ရောဂါပိုး တွေ့လူနာ ၅၀၀ ဦး ကုသပေးနိုင်ရန်အဆောင် ၅ ဆောင်တွင် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အောက်ဆီဂျင်လိုအပ်သည့် လူနာများ အတွက် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းတပ်ဆင်ပြီးစီးမှုများ၊ လူနာ ၁၈၀ ဦးအတွက် HDU အခန်းပြင်ဆင်ထားရှိကုသရေးတာဝန်ယူမည့် ဆရာဝန်၊ သူနာပြုများ ဖွဲ့စည်းမှု၊ စေတနာ့ဝန်ထမ်းများစုဖွဲ့ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ထားရှိသည့် Medical Store ၊ အောက်ဆီဂျင်လိုအပ်ချက်အတွက် ၁၀ လီတာ Oxygen Concentrator ၉၀ လုံး၊ ၄၀ လီတာ ဆလင်ဒါအိုး ၃၀၀ လုံးတို့ကို အဆင်သင့်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။