အုန်းဆံမျှင်အခြေခံတန်ဖိုးမြင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

အုန်းဆံမျှင်အခြေခံတန်ဖိုးမြင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြင့် ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုန်းထွက်ပစ္စည်းများအား ယခင်ထက် ပိုမိုစီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် အုန်းဆံမျှင်အခြေခံတန်ဖိုး မြင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့တွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

အဆိုပါသင်တန်းကို မေ ၅ ရက်အထိ သင်တန်းသား/သင်တန်းသူ ၂၂ ဦး ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း စွန့်ပစ်အုန်းဆံမျှင်များကိုအသုံးပြု၍ တရားထိုင်အခင်းဖျာအမျိုးမျိုး၊ မြေဩဇာပန်းအိုးများနှင့် ခြေသုတ်ခုံအမျိုးမျိုး ပြုလုပ် ခြင်းအဆင့်ဆင့်ကို လက်တွေ့လုပ်ငန်းဆောင်ရွက်နိုင်ရန် သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
အုန်းဆံမျှင်အခြေခံတန်ဖိုးမြင့် လက်မှုထည်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းဖြင့် ကိုကိုးကျွန်းဒေသ၌ ပေါများစွာထွက်ရှိသော အုန်းသီးများကို အလေအလွှင့် ဆုံးရှုံးမှု မရှိစေဘဲ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးကောင်းမွန်သည့် လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်လာနိုင်မည်ဖြစ်သည့်အပြင် ကိုကိုးကျွန်းဒေသအတွင်းရှိ ပြည်သူများ အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ ပိုမိုတိုးတက် လာစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။