အေစီမီလန်အသင်း ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ကို ယခုနှစ်ကုန်ဆုံးချိန်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

အေစီမီလန်အသင်းသည် ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ကို ယခုနှစ် ကုန်ဆုံးချိန်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။ 

အေစီမီလန်အသင်းနှင့် အီဗရာဟီမိုဗစ်ချ်တို့သည် ယခုဘောလုံးရာသီ ကုန်ဆုံးချိန်တွင်    အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍   စာချုပ်သစ်အတွက်  ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ  ယခုနှစ်ကုန်ဆုံးချိန်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်သည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက မေဂျာလိဂ်ကလပ်  ဂလက်ဆီအသင်းမှ  အေစီမီလန်အသင်းသို့   တစ်ကျော့ပြန်လည် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်သည်  အေစီမီလန်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး  အဓိကတိုက်စစ် ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသည့်အတွက် အေစီမီလန်အသင်းကလည်း  သက်တမ်းတိုးစာချုပ် သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်နှင့် အေစီမီလန်အသင်းတို့ စာချုပ်သစ်ချုပ်ဆိုမှုအရ ၎င်းအနေဖြင့် တစ်နှစ်စာချုပ်အတွက် ယူရိုခြောက်သန်းအပြင် အပိုဆုကြေးအဖြစ် ယူရိုတစ်သန်း ရရှိမည်ဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်သည် ယခုဘောလုံးရာသီတွင် အေစီမီလန်အသင်းနှင့် အီတလီ စီးရီးအေ  ၁၇  ပွဲ ပါဝင်ကစားခဲ့ရာ  ၁၅  ဂိုးသွင်းယူနိုင်ခဲ့ကြောင်း   သိရသည်။