အောင်မြေမန္တလာအားကစား ကွင်းသစ်ဖွင့်လှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပပြုလု

အောင်မြေမန္တလာအားကစား ကွင်းသစ်ဖွင့်လှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစား ကွင်းသစ်ဖွင့်ပွဲ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် အသက်(၁၈)နှစ် အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဖွင့်ပွဲများကို ယနေ့ညနေပိုင်းတွင် အဆိုပါ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်မြေ မန္တလာအားကစားကွင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆိုင်းပုဒ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်၍ ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ထို့နောက် တိုင်းဒေကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် အောင်မြေ မန္တလာအားကစားကွင်း တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက အဆောက် အဦများကို လွှဲပြောင်းပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်းလက်ခံရယူကြသည်။
အဆိုပါ ကစားကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှစ၍ စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ် ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် အသက်(၁၈)နှစ် အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲများကို ပြုလုပ်ရာ ပြိုင်ပွဲဝင် အားကစားသမားများအတွက် အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်ပြီး ပြိုင်ပွဲဝင်အားကစားသမား များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက Exercise is Medican အစီအစဉ်အရ ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ မြန်မာ့သိုင်း အားကစားနည်းသရုပ်ပြသခြင်း၊ ဝူးရှူးအားကစားနည်းသရုပ်ပြသခြင်း၊ အမျိုးသမီး မီတာ(၁၀၀)၊ အမျိုးသား မီတာ(၁၀၀/၄၀၀)လက်ဆင့်ကမ်းပြေးပွဲများနှင့် အဖွင့်ဘောလုံး ပွဲစဉ်ဖြစ်သည့် မန္တလေးတက္ကသိုလ်အသင်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အသင်း တို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၉ သင်းတို့ဖြင့် လည်းကောင်း၊ အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲကို မြို့နယ် ၂၈ မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများဖြင့် လည်းကောင်း ဩဂုတ် ၁၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။