အောင်မြေသာစံမြို့နယ်အတွင်း ဆူပူအကြမ်းဖက် သမားများ၏ ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရပြီး ဆေးရုံတက်ရောက်စဉ် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်များအား မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက တိုက်ခန်းပေးအပ်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၇

      မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းတွင် တည်ငြိမ်အေးချမ်း ရေးကိုပျက်စီးစေလိုသော အဖျက်အမှောင့်သမားများ၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသလျက်ရှိရာမှ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့မှုအား သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

      အဆိုပါ နိုင်ငံတော် တာဝန်ထမ်းဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ၏ ကျန်ရစ်သူမိသားစုဝင်များ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီက တိုက်ခန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ဆန်းလမ်းနှင့်လမ်း ၆ဝ ထောင့်ရှိ စည်ပင်သာယာ ရဲတပ်ဖွဲ့ (မန္တလေး)၊အောင်မြင်ထွဋ်ခေါင် ဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။

      ဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက အသက်ဆုံးရှုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက်   တိုက်ခန်း ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုက်ခန်း လွှဲပြောင်းပေးအပ်သည့် စာရွက်စာတမ်းများကို ကျန်ရစ်သူ မိသားစုဝင်များအား ပေးအပ်ကာ  ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌနချုပ်မှ တာဝန်ရှိ သူများကလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။