ရန်ကုန် အောက်တိုဘာ ၃ဝ
MMA (One Championship)မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် မြန်မာ့စပါးအုံးမြွေဟု ကျော်ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ရှုံးပွဲမရှိစံချိန်ရှင် နယ်သာလန် ဖိုက်တာဒီရစ်ဒါကို ပထမအချီအတွင်း ချုပ်ကွက်မိကာ ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲရှုံးနိမ့်မှုကြောင့် အောင်လအန်ဆန်သည် ၎င်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။
အောက်တိုဘာ ၃ဝ ရက်ညက စင်ကာပူနိုင်ငံ အမျိုးသားအားကစားရုံ၌ ကျင်းပသည့် ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်သည် ဒီရစ်ဒါကို Stand Fight တိုက်ခိုက်နည်းဖြင့် ဦးစားပေး ထိုးသတ်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် ပွဲစလျှင်စချင်း ဒီရစ်ဒါသည် ၎င်း၏ အားသာချက်ဖြစ်သည့် ဂျူဂျစ်ဆုချုပ်ကွက်ဖြင့် အောင်လကို အနိုင်ရရန် ကြိုးစားခဲ့သည်။
ပွဲအစပိုင်းတွင် အောင်လသည် လက်သီးချက်၊ ခြေကန်ချက်များဖြင့် အသာရရန် ကြိုးစားခဲ့သော်လည်း ပထမအချီ နှစ်မိနစ်၌ ဒီရစ်ဒါက ဂျူဂျစ်ဆုနည်းဖြင့် အောင်လကို အပိုင်ချုပ်ခဲ့သည်။ သုံးမိနစ်ကျော်၌ အောင်လသည် ဒီရစ်ဒါ၏ ချုပ်ကွက်ကို ဖယ်ထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ဒီရစ်ဒါက အောင်လအန်ဆန်၏ လည်ပင်းကို အပိုင်ချုပ်နိုင်ခဲ့သဖြင့် အောင်လအရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခင်ပွဲများတွင် ပြိုင်ဘက်များကို ၎င်း၏နာမည်ကြီး စပါးအုံးချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်း ယခုပွဲတွင် ဒီရစ်ဒါ၏ ချုပ်ကွက်မိကာ ရှုံးနိမ့်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ဒီရစ်ဒါသည် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် အောင်လအန်ဆန်ကို နှစ်ချီအတွင်း လည်ပင်းကိုချုပ်၍ အနိုင်ယူမည်ဟု ပြောကြားထားသော်လည်း ပြိုင်ပွဲ၌ ပထမအချီအတွင်းအောင်လကို အလဲထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၃ဝ နှစ်အရွယ် ဒီရစ်ဒါသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၃ ပွဲကစား ၁၃ ပွဲလုံး အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ရရှိခဲ့သည့် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း သုံးနှစ်ကျော်အတွင်း ပထမဦးဆုံးရှုံးပွဲ ပြန်လည်တွေ့ကြုံခဲ့ခြင်းဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၇ ပွဲယှဉ်ပြိုင်ပြီး ၂၄ ပွဲနိုင်၊ ၁၁ ပွဲရှုံးနိမ့်ထားသည်။
ယနေ့ညတွင် ကျင်းပသည့် MMA (One Championship)ပြိုင်ပွဲကို တွဲဆိုင်းခြောက်ဆိုင်းဖြင့် ကျင်းပခဲ့ပြီး ချန်ပီယံခါးပတ် ကာကွယ်ပွဲလေးပွဲ ပါဝင်ခဲ့သည်။
လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် စင်ကာပူနိုင်ငံသား ခရစ္စတီယန်လီက အီတလီနိုင်ငံသား လက်ပီကပ်စ်ကို ပထမအချီဖြင့် အလဲထိုး အနိုင်ရပြီး အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် တရုတ်နိုင်ငံသူ ရှောင်ဂျန်နမ်းက စင်ကာပူနိုင်ငံသူကို တီရိုကို အမှတ်ဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ်များကို ကာကွယ်နိုင်ခဲ့သည်။ ဖယ်လ်သာဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ် နိုင်ငံသား မာတင်ငုရင်သည် ဗီယက်နမ်-အမေရိကန် ဖိုက်တာ ထန်လီကို တတိယအချီ၌ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။