အောင်သူနှင့် အောင်ကောင်းမာန်တို့ တစ်ဖက်စီပါဝင်သည့် ထိုင်းကလပ်အသင်းနှစ်သင်းယှဉ်ပြိုင် ကစားရာ နှစ်ဂိုးစီသရေကျ

 

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကစားနေသည့်  ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်ယူနိုက် တက်နှင့် ယူ-၂၂ တိုက်စစ်မှူး  အောင်ကောင်းမာန်တို့   ယှဉ်ပြိုင်ကစားနေသည့် ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်ယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ယင်းပွဲစဉ်ကို ဒီဇင်ဘာ ၁၆ ရက်က ဘူရီယမ်ယူနိုက်တက်အသင်း၏ အိမ်ကွင်း၌ကျင်းပခဲ့ပြီး COVID-19 ရောဂါအခြေအနေကြောင့် ထိုင်းလိဂ်တစ်လနားသည့်အချိန်တွင် ဘူရီယမ်ယူနိုက်တက်နှင့် ခွန်ကန်ယူ နိုက်တက်အသင်းတို့  ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည်  ယင်းပွဲစဉ်၌  အသင်းအတွက်  ဒုတိယဂိုး  သွင်းယူပေးခဲ့ကာ ပွဲအပြီးတွင် နှစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။ အောင်သူသည်  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတတိယပတ်က  ရတနာပုံ အသင်းမှ ဘူရီယမ်ယူနိုက်တက်အသင်းသို့ စာချုပ်ဖျက်သိမ်းကြေး     အမေရိကန်ဒေါ်လာ ငါးသောင်း ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး အောင်သူသည် ဘူရီယမ်ယူနိုက်တက်အသင်း နှင့် လစာ အမေရိကန်ဒေါ်လာတစ်သောင်းကျော်ဖြင့် နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုထားပြီး ကျောနံပါတ် (၇၇)ဝတ်ဆင်ကစားလျက်ရှိသည်။

ဘူရီယမ်ယူနိုက်တက်အသင်းသည် ယခုနှစ် ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၄)နေရာ၌  ရပ်တည်နေသည်။ အောင်ကောင်းမာန်သည် ၂၀၂၀ ပြည့် နှစ်  ဒီဇင်ဘာလက ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းမှ    ခွန်ကန်ယူနိုက်တက်အသင်းသို့ ရာသီဝက် အငှားစာချုပ်ဖြင့်  ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည်    ခွန်ကန်ယူနိုက်တက်အသင်း၌ လစာဘတ်တစ်သိန်းကျော်အပြင်  ပွဲထွက် ကစားခွင့် ဆုကြေး၊ ဂိုးဖန်တီးမှုနှင့်  သွင်းဂိုးရရှိမှု အပိုဆုကြေးများ ထပ်မံရရှိမည်ဖြစ်ကာ  ကျောနံပါတ် (၁၃) ဝတ်ဆင်ကစားလျက်ရှိကြောင်း သိရသည်။