အေးအတူပူအမျှ အရိပ်မှာနားခိုကြ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ(၁၁)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ “အိမ်နီးနားချင်းတိုင်းပြည်တွေမှာ လည်း ကျွန်တော်တို့လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိနေတယ်၊ သူတို့လည်းပြန်လာချင်ကြတယ်၊ ပြန်လာချင်ကြတော့ ကျွန်တော်ပြန်ခေါ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးတော့ပြန်ခေါ်ခိုင်းပါတယ်။ ကိုယ့်လူမျိုးတွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည်အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှအားအားလုံး။ ကျွန်တော်တို့က၊ အစိုးရဆိုတာအရိပ်ပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေ အေးမြတဲ့ဟာကိုခံစားအောင်ဆိုပြီး ကျွန်တော်ဒါလည်း ကျွန်တော်ဆုံးဖြတ်ပြီးတော့ခေါ်ခိုင်းတာပါ။ ခေါ်လိုက်ပါသဘောတူပါတယ်။ အရင်ကပိတ်ပါတယ်၊ ခေါ်လို့မရပါဘူး။ ကျွန်တော့်လက် ထက်မှာ အခုအကုန်လုံးကိုပြန်ခေါ်ပါတယ်” ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ပေးလျက်ရှိသည်။ မလေးရှားမှ မြန်မာ နိုင်ငံသို့ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ထားသူများအနက် ၁၇ ဦးမှာ မြန်မာအချင်းချင်း လိမ်လည်ခြင်းခံလိုက်ရသည့်အတွက် ကျန်ခဲ့ရသည်။ ထိုသူများကိုလည်း နိုင်ငံတော်စရိတ်ဖြင့် အကုန်အကျခံခေါ်ယူစေခဲ့သည်။ ပြည်ပတွင် ရောဂါပိုးတွေ့နေသူများ ကိုလည်း ဆေးတွေရအောင်ကုခိုင်းထားစေသည်။ ပြည်ပရောက်နေသည့်နိုင်ငံသားများကို ပစ်ပယ်ထားခြင်းမရှိကြောင်း အလုပ်ဖြင့် လက်တွေ့ပြသလျက်ရှိသည်။
ယနေ့တိုင်မေ့နိုင်စရာမရှိသောကြည်နူးဖွယ်မြင်ကွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက်က မလေးရှားရောက်မြန်မာနိုင်ငံသား ၁၀၈၆ ဦး အမိမြေသို့ပြန်လည်ရောက်ရှိကြိုဆိုမှုမြင်ကွင်း၊ မတ်လ ၁၀ ရက်က အိန္ဒိယနိုင်ငံအန်ဒမန်ကျွန်းမှ မြန်မာရေလုပ်သား ၇၀ ဦး အမိမြေသို့ပြန်လည်ရောက်ရှိကြိုဆိုမှုမြင်ကွင်းတို့ဖြစ်သည်။ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နမ့်ဖာဟော်တံတား၊ ရန်လုံကျိုင်းတံတား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားနှင့် ကရင်ပြည်နယ် မြဝတီမြို့မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားတို့မှပြန်လည် ဝင်ရောက်လာသူများကို နေ့စဉ်လက်ခံလျက်ရှိသည်။ ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ ကွာရန်တင်း ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြား ခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိမြန်မာ-တရုတ်နယ်စပ်ဂိတ်များမှ ၁၈၀၀၀ ဦး၊ မြန်မာ-လာအိုနယ်စပ်ဂိတ်မှ ၂၃၄၄ ဦး၊ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များမှ ၅၄၆၁၀ ဦးဝင်ရောက်လာသူများကို လက်ခံထားပြီး ဖြစ်ပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။ ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင်သီးသန့်ထားရှိ၍ လိုအပ် သည့်ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ပနိုင်ငံ များတွင် ဒုက္ခနှင့်ရင်ဆိုင်နေရပြီး မိမိနိုင်ငံသို့ပြန်လည်ရောက်ရှိသူများမှာ ဝမ်းသာလွန်းသဖြင့် မြန်မာမြေကိုနမ်းသူများ၊ လက်အုပ်ချီ ကန်တော့သူများကို မြင်တွေ့ကြရသည်။ သူတို့နှင့်ဆက်နွှယ်နေသော မိဘဆွေမျိုးညီအစ်ကိုမောင်နှမများသည် မည်မျှဝမ်းသာပီတိ ဖြစ်နေမည်ကိုမှန်းဆကြည့်မြင်နိုင်သည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်သူနိုင်ငံတော်သားများ မှီခိုအားထားရာအရိပ်ကြီးသဖွယ်ဖြစ်သည်။ အေးမြသည့် အရိပ်အာဝါသ ရှိသောနေရာတွင် နေထိုင်ရခြင်းသည် အေးချမ်းသာယာရှိပါသည်။ နိုင်ငံသားတို့သည် ဒီမိုကရေစီသဘောအရ မည်သို့ပင် သဘောကွဲလွဲမှုများရှိနေပါစေ၊ ခံယူချက်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး မည်သို့ပင်ရှိနေပါစေ အားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများသာဖြစ်သည်။ We are Myanmar မိမိတို့သည်မြန်မာများဖြစ်ကြသည်။ အားလုံးတွင် တူညီသောစိတ်ထားမှာ မိမိတို့နိုင်ငံကိုပိုမိုကောင်းချင်သည်။ ပိုမိုတိုးတက်စေချင်သည်။ ပိုပြီး တည်ငြိမ်အေးချမ်းစေချင်သည်။ ထိုအချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည်မှာ လက်တွေ့မြင်တွေ့နိုင် သောအရာ များဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်အစိုးရ၏ အေးမြသောအရိပ်အောက်တွင် စိတ်လက် ချမ်းသာစွာ အေးအတူပူအမျှ အရိပ်မှာနားခိုနေထိုင်ခြင်းသည်သာ လုံခြုံစိတ်ချမှု အရှိဆုံးဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။