ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် နှင့် ကြံခင်းမြို့နယ် အတွင်းတို့၌ ဖောက်ခွဲရေးသင်တန်းပြုလုပ်ရန် ပြင်ဆင်နေမှုများအား သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများကို ဖောက်ခွဲရေးပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၄

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော NUG၊ CRPH အဖွဲ့များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူထူလုများ သေကြေဒဏ်ရာရရှိ၍ အကြောက် တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက် ရှိသည့်အပြင် အဆိုပါလုပ်ရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်စစ်သင်တန်း နှင့် ဖောက်ခွဲ ရေးသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ် လာမှုမရှိစေရေး တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူရှာဖွေဖော်ထုတ် ဖမ်းဆီးမှုများကို အလေးထား ဆောင်ရွက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် မြန်အောင်မြို့နယ်၊ သရက်ချောင်း ကျေးရွာအနီးရှိ “မျှင်ဝါးတောင်” သစ်တောကြိုးဝိုင်းအတွင်း၌ ဖောက်ခွဲရေးသင်တန်း ဖွင့်လှစ်ရန် ရည်ရွယ်၍ လူသစ်စုဆောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ “မျှင်ဝါးတောင်” သစ်တောကြိုးဝိုင်းအတွင်း “မမြဆည်” အနီးရှိ ရွက်ဖျက်တဲ ၃ လုံးအတွင်းမှ အောင်ဘိုဘို၊ နေဇော်ဖြိုး၊ အေးမင်းဦး၊ ချစ်ညီညီညွှန့်၊ စိုးတင့်၊ သိန်းဇော်တို့ ၆ ဦးအား ဂက်စ်အသုံးပြုရ၍ ပစ်ခတ်ရသော ပစ္စတိုသေနတ် ၂ လက်၊ ဓား ၄ ချောင်း၊ လှံ ၁ ချောင်း၊ ဆိုင်ကယ် ၇ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ “မမြဆည်” အနီးရှိ တောအတွင်း ချောင်းသုံးခွဆုံ နေရာသို့ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် ပြုလုပ်ဆဲ လက်လုပ်မိုင်း ၁၁ လုံး၊ မိုင်းထောင်အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံသိမ်းဆည်း ရရှိခဲ့ပါသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရွက်ဖျက်တဲ ၃ လုံးပတ်ဝန်းကျင်အား ထပ်မံအသေးစိတ်ရှာဖွေစစ်ဆေးခဲ့ရာ ငှက်ပျောတောအတွင်းရှိ ရေမြောင်း အတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသော လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ဂက်စ်သေနတ် ၂ လက်၊ မိုင်းထောင်အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ ၎င်းတဲများ၏ အနောက်ဘက် ကိုက် ၃၀၀ ခန့်အကွာ လျှိုအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသော ယမ်းစိမ်း ၂ ထုပ်နှင့် ကိုက် ၂၀၀ ခန့်အကွာ ငှက်ပျောတောအတွင်းမှ ဆာလာအိတ်ဖြင့်ထုပ်ထားသော ယမ်းစိမ်း ၁ ထုပ်တို့အားလည်းကောင်း ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။

အလားတူ ကြံခင်းမြို့နယ်၊ ကျောက်ပါးစပ်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောင်ကုန်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ဖွင့်လှစ်သင်ကြားနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် သွားရောက်စစ်ဆေးခဲ့ရာ သံဃာများမရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းအား တွေ့ရှိရပြီး အဆိုပါ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်း အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ၂၀ ပေပတ်လည်ခန့် စစ်သင်တန်းပေးရန်အတွက် ပြုလုပ်ထား သည့်ဟု ယူဆရသည့် မြေကွက်လပ် ၁ ခု၊ အဆိုပါ မြေကွက်လပ်မှ မီတာ ၁၀၀ ခန့်အကွာ၌ အကျယ် ၁၀ ပေ ပတ်လည်၊ အမြင့် ၂၀ ပေခန့် လူနေထိုင်ရန် ဆောက်လုပ်ထားသော ၂ ထပ်တဲ ၁ လုံး၊ အဆိုပါတဲမှ မီတာ ၁၅၀ ခန့်အကွာ တောင်အောက်လျှိုမြောင်အတွင်း၌ ၁၀ ပေ ပတ်လည်ခန့် ထမင်းစားဆောင် တဲ ၁ လုံး၊ အဆိုပါစားဆောင်တဲအတွင်းမှ မိုင်းထောင်အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်မှုဖောက်ခွဲရေးလုပ်ရပ်များ လုပ်ကိုင်ရန် သင်တန်းပေးနေသည့် အကြမ်းဖက်သမားများနှင့် ဦးဆောင်ပြုလုပ်သူများအား ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။