၁၉၉၉ ခုနှစ်နောက်ပိုင်း အန်ဖီးလ်ကွင်း၌ အဲဗာတန်အသင်း ပထမဆုံးနိုင်ပွဲရရှိပယ်နယ်တီပေးရခြင်းက အများ မြင်သည့်အတိုင်းဖြစ်ကြောင်း ကလော့ဆို

လီဗာပူး၊ ဘောလုံး

လက်ရှိချန်ပီယံ လီဗာပူးအသင်းသည် ဖေဖော်ဝါရီ ၂၀ ရက်ညက  ယှဉ်ပြိုင်ကစားသော ပရီးမီးယားလိဂ်ပွဲစဉ်၌  မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်ကို အိမ်ကွင်းအန်ဖီးလ်၌ပင် နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် အဲဗာတန်အသင်း အတွက် ၁၉၉၉ ခုနှစ်နောက်ပိုင်း အန်ဖီးလ်ကွင်း၌ လီဗာပူးကို ပထမဆုံးနိုင်ပွဲရရှိမှုဖြစ်လာသည်။ ထိုပွဲ၌ အဲဗာတန်အတွက် အဖွင့်ဂိုးကို ပွဲစပြီးသုံးမိနစ်တွင် တိုက်စစ်မှူး ရီချာလစ်ဆန်က သွင်းယူခဲ့ပြီး ဒုတိယ အနိုင်ဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ဆီဂတ် ဆန်က ပယ်နယ်တီမှ သွင်းယူခဲ့ခြင်းဖြစ်သည်။

ထိုပွဲတွင်  အဲဗာတန်အတွက် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ အထူးလက်စွမ်းပြနိုင်ခဲ့ပြီး ဆာလက်ချ်၊ ဟတ်ဒါဆန်နှင့်    မာနေးတို့၏ ဂိုးသွင်းမှုများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ အဲဗာတန်အသင်းသည် လီဗာပူးနှင့်  နောက် ဆုံး  ၂၄  ပွဲကစားရာတွင် ယခုမှ ပထမဆုံးနိုင်ပွဲရခြင်းဖြစ်ကာ လီဗာပူးအတွက် ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမ ဆုံးအကြိမ် အိမ်ကွင်းလေးပွဲဆက်ရှုံးရသည့် အဖြစ်ဆိုးနှင့်ကြုံခဲ့ရသည်။

အဲဗာတန်အသင်းသည် နောက်ဆုံးကစားသည့် အဝေးကွင်း ၁၂ ပွဲ၌ ရှစ်ပွဲအနိုင်ရရှိခဲ့ပြီးဖြစ်ရာ နည်းပြ အန်ဆယ်လော့တီက “တကယ့်ကို ကျေနပ်စရာ၊ ပျော်ရွှင်စရာဖြစ်ပါတယ်။ အထူးသဖြင့် အန်ဖီးလ်ကွင်းမှာ အနိုင်ရဖို့ ကာလရှည်ကြာစောင့်ခဲ့ရတဲ့ ပရိသတ်တွေအတွက်ပါ။ အသင်းက စွမ်းဆောင်ရည်ကောင်းတယ်။  အာရုံစူးစိုက်မှုကောင်းတယ်။ အဆုံးသတ်ပိုင်း သေချာခဲ့တယ်” ဟု ပြောသည်။

လီဗာပူးသည် ဘန်လေကို အိမ်ကွင်း၌ စတင် ရှုံးနိမ့်စဉ်က အိမ်ကွင်း ၆၈ ပွဲဆက်ရှုံးပွဲမရှိစံချိန် ရပ်တန့် သွားပြီးနောက် ဘရိုက်တန်၊ မန်စီးတီးနှင့် အဲဗာတန်တို့ကို အိမ်ကွင်း၌  ဆက်တိုက်ရှုံးခဲ့ခြင်း ဖြစ်သည်။ လီဗာပူးသည် လက်ရှိတွင် အဲဗာတန်နှင့် အမှတ်တူ၊ တစ်ပွဲပိုကစားထားပြီး အဆင့် (၆) နေရာရောက်ရှိသွားရာ နည်းပြ ဂျာဂန်ကလော့က အမှားများကျူးလွန်ခြင်း၊ အခွင့်အရေးကို ဂိုးအဖြစ် မပြောင်းနိုင်ခြင်းနှင့် ပယ်နယ်တီပေးလိုက်ရသော ဒိုင်လူကြီးဆုံးဖြတ်ချက်များအတွက် သုံးသပ်ဝေဖန်ခဲ့သည်။

ကလော့က “လက်ခံဖို့ခက်တယ်။ အစောကြီးဂိုးပေးလိုက်ရတယ်။  ဒီဂိုးက  ပေးဖို့မလိုအပ်တဲ့ အနေအထား ကနေ ပေးလိုက်ရတာပါ။ ခံစစ်ပိုကောင်းဖို့လိုတယ်။ ပွဲကို အသာစီးကစားနိုင်ခဲ့တယ်။ ပယ်နယ်တီပေး လိုက်တဲ့ဖြစ်စဉ်ကို အများက အငြင်းပွားစရာလို့ပြောကြကတည်းက ကျွန်တော့်ကို ထင်မြင်ချက်မေးတာ မမျှတဘူး။  ဒိုင်က သူ့ဆုံးဖြတ်ချက်မသေချာလို့ VAR စနစ်ကြည့်ပြီးမှ ဆုံးဖြတ်တော့ အများမြင်သလို ဖြစ်မှာ ပါ” ဟု ပြောသည်။                    

Ref:BBC