၂ဝ၁၂ ခုနှစ်က မန်ယူအသင်း၏ ကမ်းလှမ်းခြင်းခံခဲ့ရဟု ကွင်းလယ် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဖွင့်ဟ

ရီးယဲလ်မှ   အဲဗာတန်သို့ပြောင်းရွှေ့ လာပြီးနောက် ခြေစွမ်းကောင်းပြ ကစားနေသည့်  ကိုလံဘီယာ ကွင်းလယ်ကစား သမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က နိုဝင်ဘာ ၇ ရက်ည မန်ယူနှင့်ပွဲမတိုင်မီ ၂ဝ၁၂ ခုနှစ်က မန်ယူအသင်းသည် မိမိအား ရီးယဲလ်ထံမှ ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း  ထုတ်ဖော်ပြောသည်။

ရီးယဲလ်အသင်း၌  ပုံမှန်ကစားခွင့်မရဘဲ အငှားဖြင့်  ဘိုင်ယန်သို့ သွားရောက်ကစား ခဲ့ပြီးနောက် ယခုရာသီအစတွင် အဲဗာတန်သို့ ပြောင်းရွှေ့လာခဲ့သူ  ဂျိမ်းစ်ရိုဒရီဂွက်ဇ် က ''၂ဝ၁၂ ခုနှစ်ကဖြစ်မယ်၊ မန်ယူအသင်းက  ကျွန်တော့်ကို  ကမ်းလှမ်းခဲ့တယ်။ နောက်ဆုံးမှာတော့   အပြောင်းအရွှေ့ မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲ သေချာမသိပေမယ့် အကြောင်းတရားတချို့ကြောင့် ဖြစ်မှာပါ။   ဒါပေမဲ့  ဘောလုံးလောကက ကိုယ့်ကို လမ်းကြောင်းမှန်ပေါ်  အမြဲ ပို့ပေးနိုင်တာကောင်းတာပေါ့။   အသင်း တစ်သင်းမှာ  ကိုယ်ရောက်ပြီး  ခြေစွမ်းကောင်းပြနိုင်ရင်  အကောင်းဆုံးပေါ့။ ကျွန်တော် ဒီလိုနဲ့ ပေါ်တိုကနေ မိုနာကို  အသင်းဆီ ရောက်သွားတယ်။   ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့   ရီးယဲလ် အသင်းက ခေါ်ယူခဲ့တယ်။  ရီးယဲလ်မှာ ရော ဘိုင်ယန်မှာပါ လက်ရှိ  အဲဗာတန် နည်းပြအန်ဆယ်လော့တီနဲ့  လက်တွဲခဲ့ ပြီး အကောင်းဆုံးဆက်ဆံရေးရှိခဲ့တယ်။ ဒါကြောင့်  အခု  အန်ဆယ်လော့တီရဲ့ အဲဗာတန် အသင်းကို ပြောင်းလာခဲ့တာပါ။ အဲဗာတန်အသင်းက    နောက်ရာသီမှာ  ချန်ပီယံလိဂ်  ဝင်ခွင့်ရလိမ့်မယ်လို့လည်း ယုံကြည်တဲ့ စိတ်ကြောင့်ပါ''ဟု ပြောသည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် လက်ရှိတွင် နည်းပြအန်ဆယ်လော့တီ၏ ပွဲထွက်ကစား သမားစာရင်းတွင် ပါဝင်ခြေစွမ်းပြ ကစားလျက်ရှိပြီး  အသင်း၌  အထိုင်ကျနေပြီ ဖြစ်ကြောင်း သိရသည်။