နေပြည်တော် မေ ၁၂
၂ဝ၂၁ ခုနှစ်၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲနှင့် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား အသင်းများအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများက အသင်းလိုက် မိတ်ဆက်ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ပြိုင်ပွဲဝင်ကြမည့် ခရိုင်အမျိုးသား ဘောလုံးအသင်းများနှင့် ခရိုင်အမျိုးသမီး ဘောလုံးအသင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တက်ရောက်လာကြသည့် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို မေ ၁၄ ရက်မှ ၂၂ ရက်အထိ စစ်တွေမြို့၊ ဝေသာလီ အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲသို့ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်နှင့် မောင်တောခရိုင် တို့မှ အမျိုးသားအသင်း ၅ သင်းနှင့် အမျိုးသမီး အသင်း ၅ သင်းတို့ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။