၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ပါဝင်ဆန္ဒမဲပေး

နေပြည်တော်၊ နိုဝင်ဘာ - ၈

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ် ရာ တပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း သက်ဆိုင်ရာ မဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများ ပေးခဲ့ကြသည်။

ထိုသို့ ဆန္ဒမဲများပေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ ဇေယျာသီရိကုန်တိုက်ရှိ မဲရုံ အမှတ်(၁)သို့ သွားရောက်၍ ဆန္ဒမဲပေးကြသည်။

ထို့အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကလည်း သတ်မှတ်မဲရုံများ၌  ဆန္ဒမဲများ အသီးသီးပေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသို့ လာရောက် သတင်းရယူကြသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေ ကြားခဲ့သည်။ ထိုသို့ ပြန်လည်ဖြေကြားရာတွင် မိမိ၏ ရဲဘော်၊ ရဲဘက်များ၊ လုပ်ဖော်ကိုင် ဖက်များဖြင့် အတူတကွ ဆန္ဒမဲပေးလိုခြင်းကြောင့် ယနေ့တွင် လာရောက် မဲပေးခြင်း ဖြစ်ကြောင်း၊ မဲပေးရာတွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ အလေးထားသည့် ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားသည့်ပါတီ၊ တပ်မတော်နှင့် လက်တွဲလုပ်ဆောင်၍ ရသည့်ပါတီကို ရွေးချယ်ခဲ့ကြောင်း၊ အနာဂတ်ကို ပိုမိုပြီးကောင်းမွန်အောင် ဖန်တီး ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့ ဆန္ဒနှင့်အညီ ထွက်ပေါ်လာမည့် ရလာဒ်ကို လက်ခံကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများ ခံစားနေရသည့် သောကများကို ဖြေသိမ့်နိုင်ရေး အမြဲစဉ်းစားနေရန်၊ လုပ်ဆောင်နေရန် လိုအပ်ပြီး အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် မလွဲမသွေ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖြင့်ပြောကြားခဲ့သည်။

    ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သက်ဆိုင်ရာ မဲရုံအသီးသီး၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက  စနစ်တကျဖြင့် ဆန္ဒမဲပေးနေမှုများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည် သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ Mask  များ၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးထားမှုများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ လာရောက် ဆန္ဒမဲပေးကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

 အလားတူ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ မဲရုံအသီးသီး တွင်လည်း တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာ မဲရုံအသီးသီးတွင် စနစ်တကျဖြင့် ဆန္ဒမဲများ ပေးခဲ့ကြသည်။

ထိုသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ် နယ်မြေ များတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ဆန္ဒမဲပေးနေမှုများကို ပါတီ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများမှ သတင်းထောက်များက လာရောက်လေ့လာခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။