၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများအား ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၂၀
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရန်အတွက် ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် မတူပီမြို့မှ ပလက်ဝမြို့နှင့် ဆမီးမြို့များသို့ ယနေ့တွင် ကူညီပို့ဆောင်ပေးသည်။
ထိုသို့ ပို့ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် ဆန္ဒမဲလက်မှတ် ၂၆ အိတ်၊ မဲပုံးအဖုံး ၁၀၀ ခု၊ မီးအိမ် ၃၀ လုံးပါ ၁ ဖာနှင့် ပစ္စည်းပါမဲပုံး ၃ ပုံးတို့ကို ပလက်၀ မြို့သို့ လည်းကောင်း၊ မီးအိမ် ၃၀ လုံးပါ ၁ ဖာ၊ ပစ္စည်းပါမဲပုံး ၃ ပုံး၊ ခြင်းတောင်း ၃၅ လုံး၊ လျှို့ဝှက်ဆန္ဒပြုခန်း ၆၀ ပါ ၂ အိတ်၊ မဲပုံးအဖုံး ၄၁ ခု၊ မဲပုံး ၃၉ ပုံးတို့ကို ဆမီးမြို့သို့လည်းကောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မတူပီတပ်နယ်မှ တပ်မတော်သားများက ရဟတ်ယာဉ် ပေါ်သို့ ကူညီသယ်ဆောင်ပေးသည်။
အလားတူ ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပို့ဆောင်မည့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲလက်မှတ်ထည့်သည့် ခြင်းတောင်း ၂၁၆ ခြင်းနှင့် ဆန္ဒပြုခန်းပစ္စည်း ၄၀၀ တို့ကို ယနေ့နေ့လယ်ပိုင်းတွင် နယ်မြေခံ တပ်မတော်သားများက တပ်မတော်ရဟတ်ယာဉ်များပေါ်သို့ ကူညီတင်ဆောင်ပြီး ပလက်ဝမြို့ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။