၂၀၂၁ ဘောလုံးရာသီ လိဂ်-၂ ပြိုင်ပွဲတွင် မော်လမြိုင်မြို့အခြေစိုက် အသင်းသစ်တစ်သင်း ပါဝင်ဖွယ်ရှိ

 

၂၀၂၁ ဘောလုံးရာသီ လိဂ် - ၂ အမှတ် ပေးဘောလုံးပြိုင်ပွဲ၌ မော်လမြိုင်မြို့အခြေစိုက် အသင်း သစ်တစ်သင်း  ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

၂၀၂၁ ဘောလုံးရာသီတွင် လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အသင်း ၁၀ သင်းနှင့် လိဂ်-၂ ပြိုင်ပွဲတွင် အသင်း ရှစ်သင်းဖြင့်   ကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက ထုတ်ပြန်ထားသည်။

လိဂ်-၂ ၏ အသင်းသစ်အဖြစ် မော်လမြိုင်မြို့အခြေစိုက်   အသင်းတစ်သင်း ပါဝင်ခွင့်ရရန် တင်ပြထားပြီး အဆိုပါ အသင်းအား အသင်းသစ်၏ စည်းကမ်းနှင့်ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီရာသီ လိဂ်-၂ မှာ အသင်းသစ်တစ်သင်း ပါဝင်ဖို့ရှိပါတယ်။ ဒီအသင်းကို လိဂ် ရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပါမယ်။ အသင်းဖွဲ့စည်းပုံ၊ ငွေကြေးပိုင်းဆိုင်ရာကအစ  သေချာစစ် ဆေးမှာဖြစ်ပါတယ်။ အသင်းသစ်ရဲ့ နာမည်ကိုတော့ အားလုံးစစ်ဆေးပြီးရင် ထုတ်ပြန်ပေးပါမယ်” ဟု လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနေရှင်နယ်လိဂ်၏ စည်းမျဉ်း၊ စည်းကမ်းချက်အရ ပြီးခဲ့သည့်ဘောလုံးရာသီတွင် လိဂ်-၂ အမှတ်ပေးဇယား ထိပ်ပိုင်း၌ ရပ်တည်နိုင်ခဲ့သည့် ချင်းလန်းအသင်းနှင့် မြဝတီအသင်းတို့ လိဂ် - ၁ သို့ တန်းတက်မည်ဖြစ်သည်။

ထို့ကြောင့် ၂၀၂၁ ဘောလုံးရာသီ လိဂ်-၁ ၌ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့်ကျင်းပရန်  မြန်မာနေရှင်နယ်လိဂ်ကော်မတီက    အတည်ပြုဆုံးဖြတ်ခဲ့ သည်။

ထို့ပြင် လိဂ်-၂ ပြိုင်ပွဲ၌ ယမန်နှစ်က ယှဉ်ပြိုင်ခဲ့သည့် ဂျူနီယာလိုင်းယွန်း၊ တက္က သိုလ်အသင်း၊ မောရဝတီ၊ ငွေကြယ်ပွင့်၊ ကချင်ယူနိုက်တက်၊ ယောမြေအသင်း၊ လိဂ်-၂ ၌ ပါဝင်ခွင့်ပြုရန် ပြန်လည် လျှောက်ထားသည့် ဒဂုံအသင်းနှင့် အသင်း သစ်တစ်သင်းတို့အပါအဝင် ပြိုင်ပွဲဝင် ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

၂၀၂၁ ဘောလုံးရာသီ လိဂ်-၂ အမှတ် ပေးဘောလုံးပြိုင်ပွဲကို မေလမှ သြဂုတ်လ အထိ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာကွင်းများ ၌ ကျင်းပရန် လျာထားကြောင်း သိရသည်။

ကိုရဲ