၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် - မေ – ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ် ထိန်းသူများနှင့် ကျောင်းသား^ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက် ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါကျောင်းများလာရောက်အပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအတွက်ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့်စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များနှင့် Covid-19 ကာကွယ်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ကုသမှုကာလအတွင်း Qurantine ဆောင်များ အဖြစ်အသုံးပြုခဲ့သော စာသင်ဆောင်များကိုလည်း နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်သား များက လိုအပ်သည့်ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကျောင်းများအတွင်းလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းဝန် ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း(ညောင်းရမ်းတောင်)ရှိ ဆရာ၊ ဆရာမများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကာ ကျောင်းအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။