၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၄

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး  ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာန နာယက ဆရာတော်၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသနှင့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သာသနာ့မဟာဗိမာန်တော်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်သည်။

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ် များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူ ကြည်ညို ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က ဗန်းမော်ဆရာတော်ကြီးထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့ လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းကြ သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီးတို့ ကဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မင်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။