(၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးကို Virtual Coferencingဖြင့်ပြုလုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

(၂၁)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး ( 21st ASEAN Chiefs of Army Multilateral Meeting- ACAMMXXI )  ကို ယနေ့နံနက်ပိုင်းတွင် Virtual Coferencing ဖြင့်ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Brigadier General Haji Muhammad Haszaimi bin Bol Hassan  က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများက “ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စံနှုန်းသစ်များနှင့်အညီ ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများ၏ အရွေ့ကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ ကြည်းတပ်များ၏ ပေါင်းစည်းမှုနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှု” (Cohesion and Responsive of ASEAN Armies to Address the Dynamic of Regional Security Challenges Following New Norms from COVID-19 Pandemic) ခေါင်းစဉ်နှင့်ပတ်သက်၍ နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးကြသည်။၎င်းနောက် ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားပြီး (၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (ACAMM XXII)၊ (၃၀)ကြိမ် မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ( 30th ASEAN  Armies Rifle Meet- AARM XXX )၊(၁၀)ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များ အစည်းအဝေး ( 10th ASEAN  Sergeant Major Army Meets -ASMAM  X )နှင့် (၃)ကြိမ်မြောက် အာဆီယံ သတင်းအချက်အလက် မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ (3rd ASEAN  Army Information Sharing Workshop-AAISW III ) တို့ကို အိမ်ရှင်အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် မြန်မာ့တပ်မတော်သို့ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ရာ AARM အလံ၊ ACAMM  stand နှင့် ASMAM ကျိုင်းတို့ကို ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးထင်လင်း က မြန်မာ့တပ်မတော် ကိုယ်စား လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံအကြောင်း မိတ်ဆက်ဗီဒီယိုကို ပြသပြီး မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် (၂၁)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။