(၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၄

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော်(ရေ) သည် ယနေ့တွင် (၇၃)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့(၇၃)နှစ်မြောက် တပ်မတော် (ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံ တံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး  H.E.Dr. Nikolay A. LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အိန္ဒိယရေတပ်၊ အရှေ့ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

ယနေ့တပ်တော်ဝင် အခမ်းအနားတွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် ၂ စီး၊  ၄၉ မီတာ အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) ၁ စီး၊  ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ် ၁ စီးနှင့် ၂၆ မီတာ ပင်လယ်သွား တွဲဆွဲရေယာဉ် ၂ စီး၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တပ်တော်ဝင် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။