နေပြည်တော်၊ ဇန်နဝါရီ - ၄
(၇၃)မြောက်လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်း အတွင်း ရှိ အနော်ရထာခန်းမရှေ့စစ်ရေးပြကွင်း၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊စစ်သည်များ တက်ရောက်ကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။