နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသားပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း YMBA မှ သံဃာတော် များအပါအဝင် အသင်းသား၊ အသင်းသူများက အဆိုပါဆေးရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြသည်။
ဦးစွာ ကျန်းမာရေး ဝန်ထမ်းများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး အသင်းဝင် သံဃာတော်များနှင့် အသင်းသား၊ အသင်းသူ စုစုပေါင်း ၃၅ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။