(၇၄) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

(၇၄) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

 
(၇၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခါသမယဖြစ်ပါကြောင်း၊ ကုလသမဂ္ဂကလူသားအားလုံးအတွက် လူ့အခွင့်အရေးစံများပါဝင်သည့် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄)နှစ် တိုင်ခဲ့ပြီဖြစ် ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးမကြာမီ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက် တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ပါ ကြောင်း၊ ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းလုံး ရှိ နိုင်ငံအသီးသီး၌ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေး‌ကြေညာစာတမ်း၌ “လူသားအားလုံးသည် လွတ်လပ်သူ များအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြသည်” ဟုဖော်ပြပါရှိသကဲ့သို့ လူသားအားလုံးအနေဖြင့် မိမိတို့၏ အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို အသိမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့ သည်လည်း လူ့အခွင့်အရေး၏ အရေးပါသည့်အနှစ်သာရများပင် ဖြစ်ပါကြောင်း။
ထို့ပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြရာတွင်လည်း လူ့အဖွဲ့အစည်း အတွက်တရားမျှတသည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများ ပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင် ရေးအတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံး ရမည်ဟုလည်း ယင်းကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြရာတွင် မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့် အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါရှိသည့် လူ့အခွင့်အရေးစံများကို လေးစားသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် ၎င်းတို့၏ဖွဲ့စည်းပုံ အခြေခံဥပဒေ များတွင် အဆိုပါစံများကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း၊ အလားတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အခန်း တစ်ခန်းအဖြစ် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ”ကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံး လိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဓိကသဘောတူစာချုပ်များ ဖြစ်ကြသည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစာချုပ်များနှင့်ဆက်စပ် နေသည့် နောက်ဆက်တွဲ သဘောတူစာချုပ်တစ်ချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း။
နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးတွင် လည်းအဓိကကျပါကြောင်း၊ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး များ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၏ ပင်ကိုယ်စရိုက်လက္ခဏာများအရလည်း လူသားအချင်းချင်း လေးစားမှုနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားမှုရှိသည့် နိုင်ငံနှင့် လူမျိုးများလည်းဖြစ်ပါကြောင်း၊ လူသားများ၏ကောင်းကျိုးအတွက် လူတို့လိုက်နာအပ်သည့် အကြောင်းတရား၊ အမူ အကျင့်၊ အပြောအဆို၊ အနေအထိုင်စသည့် လမ်းညွှန်ဆုံးမ စကားများ၊ တစ်နည်း အားဖြင့် နီတိတို့သည်လည်းကောင်း၊ လူမှုရေးရာနှင့် ပတ်သက်သည့် သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယား ကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ နာယကဂုဏ်အစရှိသည့် ပေါင်းသင်းဆက် ဆံမှု နယ်ပယ်အလိုက် လိုက်နာစောင့်ထိန်းအပ်သည့် ဝတ္တရားများ၊ တစ်နည်းအားဖြင့် ကျင့်ဝတ်တို့သည်လည်းကောင်း၊ လူသားများ၏ကောင်းကျိုးပွားရာ ဆောင်ကြဉ်းအပ်သည့်၊ လိုက်နာအပ်သည့် မင်္ဂလာတရားများဖြစ်သော ၃၈ ဖြာ မင်္ဂလာ၊ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြားရေးမင်္ဂလာ၊ ပြုစု လုပ်ကျွေးရေး မင်္ဂလာ၊ ကူညီဆောင်ရွက်ရေးမင်္ဂလာ၊ ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ၊ စိတ်ထားဖြူစင် မြင့်မားရေးမင်္ဂလာ၊ သည်းခံခြင်းမင်္ဂလာ၊ ခြိုးခြံခြင်းမင်္ဂလာ၊ စိတ်ထား ခိုင်မာရေးမင်္ဂလာ စသည့်မြတ်မင်္ဂလာတို့သည် လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်း တွင် လက်ခံကျင့်သုံးကြသည့် ဓလေ့ထုံးတမ်းဥပဒေအဖြစ် လူအများစုက လက်ခံ လိုက်နာ လုပ်ဆောင်နေကြသော ကောင်းကျိုးတရားများဆိုသည်ကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်မှာ(၇၅)နှစ်ပြည့်မြောက်မည်ဖြစ်သည့်အတွက် ယနေ့( ၇၄ ) နှစ် မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှစပြီး လာမည့်နှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့အထိ တစ်နှစ်တာကာလပတ်လုံးကို လူသားအားလုံးအတွက် အရေးပါသည့် အမွေအနှစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေး ထင်ဟပ် ဖော်ညွှန်းဂုဏ်ပြုသည့် လှုပ်ရှားဆောင်ရွက်ချက်များဖြင့် လေးစားလိုက်နာ ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ပြည်သူ အားလုံးက ပိုမိုသိရှိနားလည် သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ် ပတ်သက်သည့် အပြုသဘောဆောင် သော သဘောထားအမြင်များ၊ ခံယူလိုက်နာကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်းလာရေး အတွက် အသိပညာပေး လှုပ်ရှားမှုများနှင့်အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေး သက်ဆိုင် သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ဖြင့်ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ က(၇၄)နှစ် မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် Myanmar National Human Rights Commission (MNHRC) Application ကိုမိတ်ဆက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက အားလုံးအတွက်လူ့အခွင့်အရေးသီချင်းဖြင့် ကပြဖျော် ဖြေ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။