(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံ အဝန်း၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပြည်ထောင်စု အလံတော်သယ်ဆောင်လာမည့် ရာဇသင်္ဂဟ လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံတော် အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများ တွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှုများ၊ တိုင်းရင်းသားရုပ်ပုံ ကားချပ်များဖြင့် အလှဆင်ထားရှိသည်။

အလားတူ ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော် ခန်းမ၌ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊ မဟာဗန္ဓုလပန်းခြံအတွင်း ရောင်စုံ အလှမီးများထွန်းညှိပြင်ဆင်ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဉယျာဉ်၌ ရောင်စုံအလှ မီးများပြင်ဆင်၍ ဂုဏ်ပြုဆိုင်းဘုတ်စိုက်ထူထားခြင်း၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းတို့၌ ရောင်စုံမီးအလှများ ဆင်ယင်ထားခြင်းနှင့် ဆိုင်းဘုတ်များဂုဏ်ပြုစိုက်ထူထားခြင်းများဖြင့် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားကြသည်။

ထို့အတူ မန္တလေးမြို့၊ ကျုံးအတွင်း ရေပန်းများဖွင့်လှစ်ခြင်း၊ နန်းမြို့ရိုး တစ်လျှောက်ရှိ တံတိုင်းများ၊ ကျုံးပတ်လမ်းရှိ ရတနာပုံဉယျဉ် လမ်းတစ်လျှောက်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ရုံးတို့၌လည်း ရောင်စုံမီးများ ထွန်းညှိခြင်းများ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ထို့ပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။