(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ပြည်တော်သာ(စစ်တွေ)- ရေချမ်းပြင်လမ်းပိုင်း၌ RBE ရထားပြေးဆွဲ
နေပြည်တော်၊ မတ် - ၂၄
(၇၇)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ(စစ်တွေ)- ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထား ပြန်လည်ပြေးဆွဲခြင်း ကို ယနေ့နံနက်ပိုင်းတွင် ပြည်တော်သာဘူတာ ယာဒ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်) ဦးနေမျိုးဦးက ရထား ပြေးဆွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းတွင် ပြေးဆွဲမည့် RBE ရထားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြေးဆွဲမည့် RBE ရထားစက် ခေါင်းအား အမွှေးနံ့သာများဖြင့် ပတ်ဖျန်းပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ထွက်ခွါသွားသည့်ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသည်များအား လက်ပြနှုတ်ဆက်ကြသည်။
အဆိုပါ ပြည်တော်သာ(စစ်တွေ)- ရေချမ်းပြင်လမ်းပိုင်း ခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ၁၀-၄-၂၀၂၀ ရက်နေ့မှစ၍ ရထားပြေးဆွဲခြင်းလုပ်ငန်း များကို ယာယီရပ်နားခဲ့ပြီး ယခုပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် သံလမ်းတာဘောင် ရေတိုက်စားမှုပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဉတုဒဏ်ကြောင့် မြေသားတာဘောင်နိမ့်ဆင်း သည့် ပေ(၄၀) အရှည် ဇောပူဂျာတံတားအား ဘေလီတံတားထိုးပြုပြင်၍ ရထားပြေးဆွဲ နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တော်သာ(စစ်တွေ)- ရေချမ်းပြင် လမ်းပိုင်းသည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသား/ ကျောင်းသူများ အဆင်ပြေစေရေး၊ ပြည်တော်သာ(စစ်တွေ)မှ ရေချမ်းပြင် ကြားရှိ ကျေးရွာများသို့ အဆင်ပြေစွာခရီးသွားလာနိုင်ရေးတို့အတွက် ရထားအား ပြန်လည် ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြေးဆွဲရာတွင် RBE ရထားသည် ပြည်တော်သာဘူတာမှ နံနက် ၇ နာရီ တွင် ထွက်ခွါ၍ ရေချမ်းပြင်ဘူတာသို့ နံနက် ၈ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင် ဘူတာမှ နံနက် ၁၀ နာရီတွင်ထွက်ခွါ၍ ပြည်တော်သာဘူတာသို့ ၁၁ နာရီတွင် လည်းကောင်း၊ ပြည်တော်သာဘူတာမှ နေ့လည် ၂ နာရီ ပြန်လည်ထွက်ခွါ၍ ရေချမ်းပြင် ဘူတာသို့ နေ့လည် ၃ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင်ဘူတာမှ ညနေ ၄ နာရီ ပြန်လည် ထွက်ခွါ၍ ပြည်တော်သာဘူတာသို့ ညနေ ၅ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမှာဖြစ်ပြီး နေ့စဉ်အစုန်/အဆန် (၄)ခေါက် ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်းနှင့် လမ်းတစ်လျှောက်တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင် ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာ၊ ရေချမ်းပြင် ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဉီးလျှင် (၁၅၀)ကျပ်နှုန်းဖြင့် အသွားအပြန် (၃၀၀)ကျပ် ကျသင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။