‌ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများက ကျေးရွာတာဝန်ခံအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်

 

နေပြည်တော်၊ မေ ၁၁

            နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက်ပျက်ပြား စေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်ကာ အကြမ်းဖက် အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာတာဝန်ခံ ဦးမြင့်မောင်(၅၄)နှစ်(ဘ) ဦးကျော်ငြိမ်းသည် နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၃ ဦးက လင့်ခရူစာ အနက်ရောင်ယာဉ် (စိစစ်ဆဲ)ဖြင့် ရောက်ရှိလာကာ ကျောက်ရောင်းရန်ဟုပြောဆိုပြီး နေအိမ် ခြံဝင်းအတွင်းသို့ ဝင်ရောက်၍ ၎င်းတို့အနက် အမျိုးသား ၁ ဦးက သေနတ်အတို အမျိုးအစား (စိစစ်ဆဲ)ဖြင့် ဦးမြင့်မောင်အား ၇ ချက်ခန့်ပစ်ခတ်ထွက်ပြေးသွားခဲ့သည်။

            အကြမ်းဖက်သူများ ပစ်ခတ်ခဲ့မှုကြောင့် ဦးမြင့်မောင်တွင် ဝဲဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာ      ၃ ချက်၊ ယာဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

               အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာတာဝန်ခံအား ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ ထွက်ပြေးသွားခဲ့သည့် လမ်းကြောင်းအား ပိတ်ဆို့ စစ်ဆေးမှုများဆောင်ရွက်ကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။