“တဲကြီးကုန်း၊  မဲဒီး၊ ဘစ်အမ်မှသည် ဖောင်းလောင်ဆီသို့”

“တဲကြီးကုန်း၊  မဲဒီး၊ ဘစ်အမ်မှသည် ဖောင်းလောင်ဆီသို့”

ဒီတစ်ပတ် ရုံးပိတ်ရက် ကျွန်တော်ခရီး ဝေးမသွားဖြစ်ပါ။ လိုအပ်က အလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကျွန်တော့်ပင်ကိုစိတ်က   ခရီးမသွားရမနေနိုင်ပါ။

ရုံးဖွင့်ရက်တွင် မနက် ၈ နာရီခွဲလောက် အိမ်ကထွက်ပြီး   ရုံးတစ်နေကုန်တက်သည်။  ပုံမှန်အားဖြင့် ည ၇ နာရီလောက်မှ အိမ်ပြန်လေ့ရှိသဖြင့် တစ်နေ့လုံးလုံး၊ တစ်ပတ်လုံးလုံး  ရုံးတွင်သာရှိနေသည့်ကျွန်တော်။ တစ်ပတ်တစ်ကြိမ်တော့ ခရီးထွက်ပြီး တောရိပ် တောင်ရိပ်ကြည့်လိုပါသည်။ လယ်ကွင်းစိမ်းစိမ်းမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်တွေကို ရင်ဘတ်ကြီးအပြည့် တဝကြီးရှူလိုသည်။ ပြီးတော့  ပွင့်လင်းရိုးသားသည့် တောအရပ်မှ လယ်သမားကြီးများ။ သူတို့၏ ဒဲ့ထိုးပြောတတ်သည့်စကားများ ကျွန်တော်ကြားချင်သည်။ သူတို့၏ စကားသံတွေက ကျွန်တော်ဘာလုပ်ရမည်ကို   ညွှန်ကြားနေသည် မဟုတ်ပါလား။

သည်တစ်ပတ်လည်း ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွင်းသို့ မနက် ၈ နာရီထိုးခါနီး  ရောက်ရှိသွားသည့်အခါ ကားလမ်းဘေး မဏ္ဍပ်တွင်း၌ တောင်သူဦးကြီးများ ရောက်ရှိပါပြီ။

ကဲ ရောက်နေတာကြာပြီလား။ ဦးကြီးတို့ အစောကြီးလာနေရမှာစိုးလို့ အိမ်က ၇ နာရီခွဲမှ ထွက်ခဲ့တာ။

ကျွန်တော်က အားလုံးကို ဝေ့ကြည့်ရင်း နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

ကျုပ်တို့ တောသားတွေက မနက် ၅ နာရီ မထိုးခင် အိပ်ရာကထတာဗျာ။

ကျွန်တော်လည်း တောသားပါ။ မနက် ၄ နာရီလောက် ပုံမှန်အိပ်ရာက ထပါတယ်။

မျက်နှာသုတ်ပဝါခေါင်းပေါင်းထားသည့် ဦးကြီးတစ်ယောက်၏ အပြောကို ပြန်ဖြေလိုက်ရင်း ကျွန်တော် ရှေ့ဆုံးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ကျွန်တော်တို့ နေပြည်တော်ကောင်စီနယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ စပါး၊  အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံး၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါနှင့်ကြံ စုစုပေါင်း ၄၇၅၀၇၆ ဧက စိုက်ပျိုးဖို့ လျာထားရာမှာ အမှန်တကယ်စိုက်နိုင်တာ ၄၇၂၇၄၉ ဧက ဖြစ်ပါတယ်။ သီးထပ်စိုက်တာရယ်၊    ရှိတဲ့မြေဧကကို နွေသီးနှံ၊ မိုးသီးနှံ၊ မိုးနှောင်းနှင့် ဆောင်းသီးနှံတွေပါ စိုက်နိုင်ခဲ့တာကြောင့် တောင်သူတွေ အနည်းဆုံး နှစ်သီးစားနိုင်တဲ့ အနေအထားရှိတယ်။ ဒီနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှာ လျာထားမိုးစပါးစိုက်ဧက ၁၆၈၂၇၀ ဧကမှာ မနေ့ကအထိ  ၈၅၇၅၁ ဧက  စိုက်ပျိုးပြီးဖြစ်တယ်။  ကျန်တဲ့စိုက်ဧကတွေကိုလည်း    ဒီလအတွင်း အပြီးစိုက်ပျိုးသွားဖို့ လျာထားတယ်။

နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ကျွန်တော်အပါအဝင် တောင်သူကြီးများအား ရှင်းပြနေခြင်းဖြစ်သည်။

ကျွန်တော်တို့ မိုးစပါးကို လယ်မြေအခြေအနေအရ ကြဲခင်း၊ တိုက်ရိုက်အစေ့ချ၊ ရိုးရိုးပျိုးပြီး လက်နှင့်စိုက်တာ၊ စက်မှုလယ်ယာနှင့်ပေါင်းပြီး မျိုးစေ့ချစက်နဲ့စိုက်တာ၊  ကောက်စိုက်စက်နဲ့စိုက်တာ၊ အမျိုးမျိုးစိုက်ပြတာ၊ သရုပ်ပြတာ လုပ်ပေးပါတယ်။

အဓိက အထွက်နှုန်းတိုးဖို့က ကောက်ကွက်ပြည့်ပြီး တန်းခြား၊   ပင်ခြားမှန်ကန်ဖို့၊ မျိုးကောင်းပြီး စိုက်နည်းစနစ် မှန်ကန်ဖို့နဲ့ သွင်းအားစု စနစ်တကျသုံးစွဲဖို့ပဲ ဖြစ်တယ်။

အဲဒါအပြင်   လက်ရှိ   နေပြည်တော်ကောင်စီနယ်မြေမှာ လယ်မြေမှာသာမက ယာမြေ၊ သစ်တောမြေနှင့် အခြားမြေတွေမှာလည်း မိုးစပါးစိုက်တာရှိတယ်။ ဒီလိုစိုက်တဲ့အခါမှာ ရေတော်၊ မိုးတော် စိုက်ရတာရှိသလို၊ သဲဆန်ကုန်းကြောတွေမှာလည်း စိုက်တာရှိတာကြောင့် ရေမြေနှင့်သင့်လျော်တဲ့ စပါးမျိုးကို ရွေးချယ်စိုက်ပျိုးဖို့ ကျွန်တော်တို့  စိုက်ပျိုးရေးဦးစီးဌာနက လယ်သမားတွေကို အကြံပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း     တင်ပြအပ်ပါတယ်။

ဦးဝင်းထိန် တင်ပြအပြီးတွင် ကျွန်တော့်အလှည့်ပါ။

ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၁၀၀ ရှိလျှင်  ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာနေတာကြောင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဟာ  ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူလူထုရဲ့    လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုး တိုးတက်ဖို့ဟာ အရေးကြီးပါတယ်။ ကျေးလက်ဒေသမှာနေတဲ့   လူအများစုဟာ စိုက်ပျိုးရေးနှင့်  မွေးမြူရေး လုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအနေနဲ့ ဆောင်ရွက်တာဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတော်ကို  လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့  ဦးတည်ချက် ၉ ရပ်အနက် စီးပွားရေးဦးတည်ချက်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း    ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး ဆိုတဲ့ ဦးတည်ချက်ကို ပထမအချက်အနေနဲ့ ထည့်သွင်း ချမှတ်ပြဋ္ဌာန်းထားပြီး စိုက်ပျိုး မွေးမြူရေး ဖွံ့ဖြိုးတိုးတက်အောင် အထူးဦးစားပေးဆောင်ရွက်လျက်ရှိတယ်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စမှာ ကျွန်တော်တို့   တောင်သူဦးကြီးတွေ သိကြပြီးဖြစ်တဲ့ မျိုး၊ မြေ၊ ရေ၊ နည်း၊ သွင်းအားစု}} ဒီ  ၅ ချက်အရေးကြီးပါတယ်။ မျိုးကောင်းတဲ့စပါးမျိုးကို ရွေးချယ်စိုက်ပျိုးမှ စပါးအထွက်ကောင်းပြီး ဈေးကောင်းရမှာပါ။ ဒီမျိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နေပြည် တော်ကောင်စီနယ်မြေမှာ အများစုကတော့ ဆင်းသုခနှင့်မနောသုခ စိုက်ကြပေမယ့် စူပါနှံကောက်၊ ရွှေတိုး၊ ဧရာမင်း၊ GW11 ၊ ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်၊ ကောက်ညှင်းနဲ့ တောင်ယာစပါး စိုက်ကြတာတွေလည်း ရှိတယ်။ မြေအခြေအနေအရ စိုက်ကြတာမှန်ပေမယ့် စောစောကကျွန်တော်ပြောသလို အထွက်ကောင်းပြီး ဈေးကောင်းရတဲ့ စပါးကို တစ်အုပ်တစ်မ စိုက်ကြဖို့လိုပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ပြီးခဲ့တဲ့နှစ်က ဧက ၁၀၀၊ တင်း ၁၀၀ ထွက်ရှိရေး ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာရှိတယ်။    ကျွန်တော်တို့ စိုက်ပြတာ၊ လုပ်ပြတာက စပါးမျိုးကောင်းကို စနစ်တကျသာစိုက်ခဲ့ရင် ဧက ၁၀၀  တစ်ဆက်တစ်စပ်တည်း စိုက်တာတောင်တင်း ၁၀၀  ကျော်သေချာပေါက် ထွက်တယ်ဆိုတာကို ကျွန်တော်တို့ တောင်သူတွေ သိစေချင်လို့ပါ။ ဒီအခု တက်ရောက်လာတဲ့အထဲက မနှစ်က ဧက ၁၀၀၊ တင်း ၁၀၀  စီမံကိန်းမှာစိုက်တဲ့ တောင်သူပါပါသလားခင်ဗျ။

ပါပါတယ်။ ကျွန်တော်ပါ။ မနှစ်က ဧက ၁၀၀၊ တင်း ၁၀၀ စီမံကိန်းမှာ ကျွန်တော့်လယ်  ၁၅ ဧကပါပါတယ်။

စောစောက တဘက်ခေါင်းပေါင်းထားသည့် တောင်သူဦးကြီးပင်ထ၍ ဖြေလိုက်ခြင်း ဖြစ်သည်။

အော်...စောစောက ဦးကြီးပဲကိုး၊ ကောင်းတာပေါ့။ မနှစ်က ဧက ၁၀၀  တင်း ၁၀၀ စိုက်တော့ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ဘာတွေလုပ်ပေးသလဲ။ ဘာ့ကြောင့် တင်း ၁၀၀  ထွက်တယ်လို့ထင်သလဲ။

ဟာ...ဆရာကလည်း တင်း ၁၀၀ မထွက်ရှိပါ့မလား။ ကျွန်တော့်လယ်ကို မြေပြင်တော့လည်း စက်မှုလယ်ယာကစက်တွေနဲ့ ထွန်ယက်ပေးတယ်။ ပြီးတော့ စပါးမျိုးကိုလည်း မျိုးကောင်း၊ အထွက်ကောင်း ဆင်းသုခကိုသုံးပြီး ကောက်စိုက်စက်နဲ့ စိုက်ပေးတယ်။ သုံးပတ်လောက်ကြာတဲ့အခါ ကြားပေါင်းလိုက်စက်နဲ့ ကြားပေါင်းလိုက်ပေးတယ်။ ပြီးတော့  မြေဆီပက်ပေးတယ်။ ကျုပ်အကြိုက်ဆုံးကတော့   စိုက်ပျိုးရေးက ဝန်ထမ်းတွေပဲ။ မနက်ဆိုတစ်ခါတလေ ကျုပ်တို့တောင်မရောက်သေးဘူး၊ သူတို့က ကွင်းထဲရောက်နှင့်နေပြီ။ တစ်ရက်လည်း မဟုတ်ဘူး။ နှစ်ရက်လည်းမဟုတ်ဘူး။ စပါးတစ်ရာသီပြီးတဲ့အထိ သူတို့လာပြီး ကြပ်မတ်ပေးတယ်။ လယ်က   စနစ်ကျ လယ်မြေ   ဖော်ထုတ်ထားတာကြောင့် ရေသွင်းမြောင်းမှာလည်း ရေကအဆင်သင့်။ စပါးက အထွက်လည်းကောင်း၊   ဈေးကောင်းလည်းရတာကြောင့် ၄-၅ နှစ်အား ခဲထားတဲ့ ကျွန်တော့်အိမ်ကလေးတောင်ပြင်ဆောက်ပြီး အလှူလေးတောင်လုပ်ဖြစ်သေးတယ်။

ခေါင်းပေါင်းနဲ့ ဦးကြီး၏ အားပါးတရ ပြောနေသံကြောင့် ကျွန်တော် ဝမ်းသာအားရဖြစ်မိသည်။

စိုက်ပျိုးရေးဝန်ထမ်းတွေ နေ့တိုင်းလာတာ ခင်ဗျားက ဟင်းကောင်းချက်ကျွေးလို့နေမှာပေါ့။

ကျွန်တော်က စလိုက်ခြင်းဖြစ်သည်။

မကျွေးရပါဘူးဗျာ။ သူတို့ထမင်းချိုင့်နဲ့ သူတို့လာပြီး ဒီသစ်ပင်ရိပ်အောက် ထိုင်စားသွားကြတာပါ။

ဆရာ ဦးအောင်ငွေကြီး လယ်က မနှစ်ကဧက ၁၀၀၊ တင်း ၁၀၀ စီမံကိန်းမှာပါတော့ သူက မနှစ်ကလည်း အဆင်ပြေတယ်။ စပါးမျိုးတွေ၊ မြေသြဇာတွေလည်း ဌာနက ထောက်ပံ့ပေး၊ စိုက်ပျိုးရေးက ဝန်ထမ်းတွေ ကလည်း လာပြီးကြည့်ပေးတယ်။ ဒီနှစ်လည်း သူ့လယ်က စီးပွားဖြစ် မျိုးစေ့ထုတ် စိုက်ခင်းမှာပါတော့ မျိုးရောမြေဆီတွေပါ ပူစရာမလိုတဲ့အပြင် ထွန်ယက်တာတွေ၊ ပေါင်းလိုက်တာတွေ ဌာနက လာလုပ်ပေး တာကြောင့်  စိုက်ဘဏ်မှာထားတဲ့ သူ့ပုံစံ ၇ တောင် ရွေးပြီးသွားပြီ။ ကျွန်တော်တို့မှာတော့ အထွက်ကလေးကောင်းပြီး စပါးဈေးလေးသင့်တာကြောင့် စားဝတ်နေရေး အဆင်ပြေပေမယ့် စိုက်ဘဏ်မှာထားတဲ့ ပုံစံ ၇ တော့ ပြန်မရွေးနိုင်သေးဘူး။

ဦးအောင်ငွေ နောက်တန်းမှ အသားညိုညို၊ ခန္ဓာကိုယ်တုတ်တုတ်လူရွယ်၏ တင်ပြသံကြောင့် ကျွန်တော်လှမ်းပြီးကြည့်လိုက်မိသည်။

သာအေးရယ် ငါ့လယ်က စနစ်ကျလယ်ယာမြေထဲလည်းပါတယ်။ လမ်းဘေးမှာလည်းရှိပြီး ဒို့တောင်သူတွေကို ပညာပေးသရုပ်ပြရင် လွယ်တာကြောင့် ငါ့လယ်ကို စိုက်ပျိုးရေးကရွေးတာပါ။ မင်းတို့က ဟိုး . ..ပြီးခဲ့တဲ့ တစ်နှစ်၊ စနစ်ကျလယ်ယာမြေဖော်ထုတ်တုန်းက ပါမှမပါကြဘဲကိုး။ မင်းတို့ပဲ လယ်ယာမြေလျော့မယ်ထင်ပြီး မလုပ်ကြတာလေ။

ဟုတ်တယ်ဆရာ။ အခု ကျွန်တော်တို့ အဲဒီစနစ်ကျလယ်မြေဧကကွက် ဖော်ထုတ်တာလည်း ကျွန်တော်တို့လုပ်ချင်တယ်။ ဧက ၁၀၀၊ တင်း ၁၀၀ ထဲမှာလည်းပါချင်တယ်။ ဘကြီးအောင်ငွေလို မျိုးစေ့ထုတ်စိုက်ခင်းမှာလည်းပါပြီး ပုံစံ ၇ လည်းရွေးချင်တယ်။

အေး မင်းအိမ်လည်း ပြင်ပြီးဆောက်ချင်တယ်။ အောင်ဘုလေးလည်း ရှင်ပြုချင်တယ်။ ခင်စိန်ကိုလည်း နားကပ်ဝယ်ပေးချင်တယ်ထည့်ပြောဦးလေကွာ။

သာအေး၏ စကားကို ဦးအောင်ငွေက ဝင်ဖြည့်ပေးလိုက်၍ ပရိသတ်ကြီးဝါးခနဲ ရယ်လိုက်ကြသည်။  ကျွန်တော်တို့၏ မြေသြဇာကြဲပက်ပွဲက ဌာနဆိုင်ရာ၏ စိုက်ပျိုးရေးပညာပေး   သရုပ်ပြပွဲဆိုသည်ထက် တောင်သူမိသားစုစကားဝိုင်းနှင့်  တူနေသည်။ ကိုသာအေး၏အမေးစကားများကို ဖြေကြားရမည်မှာ ကျွန်တော့် တာဝန်ဖြစ်လာသည်။

အေးပေါ့ကွာ။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကတော့ ကိုယ့်တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင် တာပဲပေါ့။ ကျွန်တော်တို့ တောင်သူတွေရဲ့ လယ်ကွက်တွေက မိရိုးဖလာပိုင်ဆိုင်ခဲ့ကြတာကြောင့် အကွက်မကျဘူး။ ပုံစံအမျိုးမျိုးဖြစ်နေတယ်။ ကျွဲနဲ့နွားနဲ့ ထယ်ထိုးရင်၊ ထွန်မွှေရင်တော့ ပြဿနာမရှိဘူး။ လှည့်လို့ရတယ်လေ။

အဲ့စက်ကြီးနဲ့ဝင်တော့   လယ်ကွက်က ကျဉ်းတယ်။ ဒီကြားထဲ မြေကမညီတော့ နိမ့်တဲ့အကွက် ရေရတဲ့အချိန်မှာ မြင့်တဲ့အကွက် ရေမရဘူး။ မြင့်တဲ့အကွက်လည်း ရေရရော  နိမ့်တဲ့အကွက်က ရေမြုပ်ပြီ။

ဒါ့အပြင် ရေရချိန်မတူတော့ စိုက်ချိန်ကွာတယ်။ စပါးရင့်မှည့်ချိန်ကွာတယ်။ ဒီတော့ စပါးသိမ်းတဲ့အခါ ပြဿနာတက်ပြီ။ ရင့်တဲ့ စပါးခင်းက ကွင်းလယ်မှာရောက်နေတယ်။ ကုန်ထုတ်လမ်းမရှိတော့ ထုတ်လို့မရဘူး။ ဒီတော့ သူများအခင်းထဲက ဖြတ်ပြီးထုတ်မယ်ဆို ဘယ်လိုမှပေး မထုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က စနစ်ကျလယ်ယာမြေဖော်ထုတ်ပေးတာ။ စနစ်ကျလယ်ယာမြေ စပြီးဖော်ထုတ်ရင် လယ်ကွက်တွေ မြေအရင်ညှိတယ်။ ပြီးတော့ ကုန်ထုတ်လမ်းဖောက်တယ်။ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေထည့်တယ်။ ဒီတော့ ဆည်ကနေရေပေးတဲ့အခါမှာ အားလုံးက တညီတညာတည်း ရေရတယ်။ ဒီတော့ ပြိုင်တူစိုက်လို့ရတယ်။ စပါးရင့်မှည့်တဲ့အခါလည်း တစ်ကွင်းတည်း၊ တစ်ဆက်တည်းရင့်မှည့်တယ်။ ကုန်ထုတ်လမ်းရှိတာကြောင့် ကိုယ့်ကွင်းကို ရင့်မှည့်တဲ့အချိန်မှာ ရိတ်လို့ရတယ်။ ကဲ ဒီထက်ကောင်းတာ ဘာရှိသေးလဲ ကိုသာအေးရဲ့။

ဟုတ်တယ်လေ ဆရာရဲ့။ ဒါ့ကြောင့် ကျွန်တော်က ကျွန်တော့်လယ်ကွက်လည်း စနစ်ကျ လယ်ယာမြေဖော်ထုတ်ချင်တာ။ ဆရာတို့ ဘယ်တော့ စနစ်ကျလယ်ယာဖော်ထုတ်ဖို့ရှိသေးလဲ။

ကိုသာအေးက   အားတက်သရောမေးလာသည်။

စနစ်ကျလယ်ယာမြေဖော်ထုတ်တာမှာ နိုင်ငံတော်က  ငွေအများကြီး  အကုန်အကျခံပြီး  လုပ်ရတာ။ တစ်ဧကကွက် တစ်ကွက်ဆိုရင် နိုင်ငံတော်က ငွေကျပ် ၁၂ သိန်းကနေ  ၁၆ သိန်းလောက်အထိ အကုန်အကျခံပြီးလုပ်ရတာ။ အဲဒါကြောင့် ဧက  ၁၀၀ ကွက်ဆိုရင် ငွေကျပ်သိန်း  ၁၂၀၀ ကနေ  ၁၆၀၀ လောက်အထိကုန်တာ။ တစ်မြို့နယ်မှာ ဧက ၁၀၀ ကွက်တစ်ကွက်ဖော်ထုတ်ပေးရင် နောက်မြို့နယ်ကလည်း အခုလိုပဲလိုချင်တာပဲ။  နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်စလုံးမှာတော့ စနစ်ကျလယ်ယာမြေဧက ၁၀၀ ကွက်တွေ ဖော်ထုတ်ပေးပြီးပြီ။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း လုပ်ပေးရသေးတယ်လေ။ အစိုးရနဲ့ ပြည်သူဆိုတာက မိဘနဲ့  သားသမီးလိုပဲလေ။ မိဘက သားသမီးတွေအားလုံးမျှမျှတတ   ချစ်ဖို့လိုတယ်။ မျှမျှတတ အခွင့်အရေးပေးဖို့လိုတယ်။ အဲဒါမှ သားသမီးတွေက ချစ်ခင်ကြည်ညိုလေးစားမှာပေါ့။   တိုင်းပြည်နဲ့တွက်ရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ မျှတဖို့လိုသလို မြို့နယ်နဲ့တွက်ရင်တော့ ကျေးရွာအုပ်စုမျှတဖို့လိုတယ်။ အဲဒီတော့ ဒုတိယအသုတ်ရောက်လာရင်တော့ ခင်ဗျားတို့လယ်တွေပါရင် ပါလာမှာပေါ့ဗျာ။

ဆရာ နေကလေးနည်းနည်းပူလာပြီ။ ၉ နာရီမထိုးခင် ကျွန်တော်တို့ သဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာရောပြီး ကြဲပက်တာလေးလုပ်လိုက်ရင် ကောင်းပါမယ်ခင်ဗျ။

ကိုဝင်းထိန် သတိပေးလာ၍ စကားစဖြတ်ပြီး   ကျွန်တော်တို့ မဏ္ဍပ်ဘေးရှိ မြေသြဇာပုံသို့ လာခဲ့ကြသည်။ တောင်သူများလည်း   မဏ္ဍပ်တွင်းမှထွက်၍ မြေသြဇာပုံပတ်လည်တွင်    နေရာယူ လိုက်ကြသည်။

ဒီမြေဆွေးပုံက ဒီစပါးခင်းက အခုကောက်ပင်လှန်ချိန်ဖြစ်နေတဲ့အတွက်  နွားချေး မြေဆွေးတစ်အိတ်ခွဲနဲ့ ယူရီးယားအိတ်ဝက်ထည့်ရမှာပါ။ အခုလက်တွေ့စပ်ပြီးပြချင်တာကြောင့် အခုမှစပ်ပြီးပြပေမယ့် တကယ်တမ်း ကျတော့ ညကတည်းက ဒီသုံးချိုးတစ်ချိုးအတိုင်းစပ်ပြီး သမအောင်မွှေပြီးတော့ ဖုံးအုပ်ထားရပါမယ်။ အခု စပါးခင်းထဲမှာ     ကြဲပက်နေတာက ညကတည်းကစပ်ပြီး နှပ်ထားတဲ့ နွားချေးနဲ့ ပုလဲဓာတ်မြေသြဇာအရောကို ကြဲပက်နေတာပါ။

စိုက်ပျိုးရေးမြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးကြွယ်ကဝိုင်း၍ကြည့်နေကြသော တောင်သူ ဦးကြီးများကို ရှင်းပြနေခြင်းဖြစ်သည်။ တောင်သူဦးကြီးများထဲတွင်   တောင်သူမကြီးများလည်း  တစ်ဝက်ခန့်ပါနေသည်။ မြန်မာ့လယ်ယာလောကကို  တောင်သူမကြီးများ ကြီးစိုးတော့မှာလား။

ဒီစိုက်ခင်းအတွက်တော့ နွားချေးနဲ့ ယူရီးယား  သုံးချိုးတစ်ချိုးရောတာ ဟုတ်ပါပြီ။ ပျိုးခင်းကြရင်ရော ဒီအတိုင်းပဲ ရောရမှာလား။ ဘယ်လိုအချိုးနဲ့ရောရမှာလဲ။

သနပ်ခါးပါးကွက်ကြားနှင့် တောင်သူမကြီးက  စိတ်ဝင်တစားမေးလာသည်။ သူ့ခန္ဓာကိုယ် တောင့်တင်း သန်မာပုံအရ ကိုယ်တိုင်လုပ်သည့်   တောင်သူမကြီး ဖြစ်နိုင်သည်။

ဟုတ်ပါတယ်။ ကျွန်မပြောမလို့ပါ။ စပါးမျိုးနဲ့ စပါးအသက်ကိုလိုက်ပြီး နွားချေးနဲ့   ပုလဲမြေသြဇာ ရောနှောတဲ့အချိုးက ကွာခြားပါတယ်။ တကယ်လို့ စပါးအထွက်တိုးမျိုး ဆင်းသွယ်လတ်ကို ပျိုးမယ်ဆိုရင် ပျိုးခင်းမှာ   သဘာဝနွားချေးမြေသြဇာ နွားလှည်းနှစ်စီးနှင့် ကွန်ပေါင်း ငါးပြည်ထည့် ရပါမယ်။ ပျိုးသက် ၁၀ ရက်သားရောက်ရင် ယူရီးယား နှစ်ပြည်နဲ့ နွားချေးခြောက်ပြည် အခုလိုပဲ   သုံးအချိုးတစ်  ထည့်စပ်ပြီး ကြဲပက်ပေးရပါမယ်။

ပျိုးပင်တွေကို စိုက်ခင်းမပြောင်းခင် စိုက်ခင်းမှာ   မြေခံအနေနဲ့ နွားချေး ငါးစီးကနေ  ၁၀ စီးနဲ့  ကွန်ပေါင်းနှစ်အိတ်ရောစပ်ပြီး ထည့်ပေးရပါမယ်။ ရွှေ့ပြောင်းစိုက်ပြီး  ခုနစ်ရက်ကနေ  ၁၀ ရက်ကြား    ကောက်ပင်လှန်ချိန်မှာတော့ သုံးချိုးတစ်ချိုးရောစပ်ထည့်ပြီး  တစ်လသားအရွယ်ရောက်ရင်   ပိုတက်ရှ် ဓာတ်ဆားအိတ်တစ်စိတ် ထည့်ပေးဖို့လိုပါတယ်။ ကျွန်မတို့လူတွေ နေ့စဉ်အစာ စားသလို၊ စပါးပင်တွေဖြစ်ထွန်းအောင်မြင်စေချင်ရင် အသက်အရွယ်အလိုက် မြေဆီ၊ မြေသြဇာကျွေးဖို့လိုပါတယ်။

စပါးပင်ရွှေ့ပြောင်းစိုက်ပြီး  ၄၂ ရက်ကြာ အလံရွက်ထွက်ချိန်နှင့် ရွှေ့ပြောင်းစိုက်ပြီး  ၅၅  ရက်ကြာ အနှံမထွက်မီ  ငါးရက်အလိုမှာ အခုလိုပဲ ယူရီးယားနဲ့ နွားချေးသဘာဝမြေသြဇာကို သုံးချိုးတစ်ချိုးရော၊  နှံ့စပ်အောင်မွှေ၊ တစ်ညနှပ်ပြီးမှ ကြဲပက်ပေးရင် အကောင်းဆုံးပါ။ ကိုယ်စိုက်ပျိုးတဲ့ စပါးမျိုးအလိုက် ဓာတ်မြေသြဇာနဲ့ သဘာဝမြေသြဇာရောစပ်နည်းတွေကိုတော့ အခုဝေထားတဲ့ လက်ကမ်းစာစောင်မှာ ပါပြီးဖြစ်ပါတယ်။ အဲဒီလက်ကမ်းစာစောင်ထဲမှာ သက်တမ်း ၁၀၀  ကနေ  ၁၁၅ ရက်သက်တမ်းရှိတဲ့ ရွှေမနော်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်နဲ့ ထိုင်းနှံကောက်စပါးမျိုး၊ သက်တမ်း ၁၃၀ ကနေ  ၁၃၅ ရက် စပါးမျိုးတွေဖြစ်တဲ့ မနောသုခနဲ့  ဆင်းသုခစပါးမျိုးတွေအတွက် မြေသြဇာရောစပ်နည်းတွေပါရှိပါတယ်။ တကယ်လို့ လက်ကမ်းစာစောင်မှာ မပါသေးတဲ့ စပါးမျိုးတွေအတွက် မြေသြဇာရောစပ်နည်းတွေနဲ့ တခြားသိချင်တာရှိရင် ကျွန်မတို့ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်ရှင့်။

ဒေါ်လှမျိုးကြွယ်က သူ့စကားကို အဆုံးသတ်ရင်း ရောစပ်ထားပြီးသည့် မြေသြဇာပုံကို ကြဲပက်ရန် ပြင်ဆင်နေလိုက်သည်။

ကျွန်မတို့က ဒီပုလဲဓာတ်မြေသြဇာကို အကျိုးရှိအောင် ဘယ်လိုသုံးရမယ်ဆိုတာရယ်၊ ဘာ့ကြောင့် ၉ နာရီမထိုးခင် သုံးရတယ်ဆိုတာကို သိချင်သေးတာ။

ကျွန်တော့်နာမည်ဦးဝင်းဦးပါ။ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်က ဓာတ်မြေသြဇာနည်းပညာနဲ့ပတ်သက်တဲ့   ညွှန်ကြားရေးမှူးပါ။

အောင်မြင်ခန့်ညားသည့်အသံဖြင့် အရပ်ရှည်ရှည်၊ အသားညိုညို၊ မျက်မှန်ထူထူတပ်ထားသည့် ဦးဝင်းဦး၏ အသံက မေးလာသည့် အမေးရှင်ကို စိတ်ဝင်စားသွားစေပါသည်။

ဒီပုလဲဓာတ်မြေသြဇာက စနစ်တကျအသုံးပြုတတ်ရင် အစွမ်းထက်ပြီး အကျိုးအာနိသင်ရှိသလို   အသုံးမပြုတတ်ရင် ဓာတ်မြေသြဇာမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်  ၆၀ ရာခိုင်နှုန်းကနေ  ၈၀  ရာခိုင်နှုန်းအထိ လေလွင့် ဆုံးရှုံးနိုင်ပါတယ်။ အဲဒီလေလွင့်ဆုံးရှုံးမှုကြောင့် စပါးတစ်ဧကမှာ ပုလဲဓာတ်မြေသြဇာ  နှစ်အိတ်သုံးပေမယ့် စပါးပင်အတွက် နိုက်ထရိုဂျင် ငါးပုံတစ်ပုံလောက်သာရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလိုဆုံးရှုံးရတာက   နိုက်ထရိုဂျင်ဓာတ်က အမိုးနီးယမ်းအဖြစ်ရေထဲ ပျော်ဝင်ပြီး ပါသွားတာ၊ အမိုးနီးယမ်း ဓာတ်ငွေ့အဖြစ် လေထဲမှာအငွေ့ပြန်ပြီး ဆုံးရှုံးသွားတာ။နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ် လေထဲမှာအငွေ့ပျံ့ပြီး ဆုံးရှုံးတာအပြင် နိုက်ထရိတ်အဖြစ်လည်း ရေထဲမှာပျော်ဝင်ပြီး ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် မနက် ၉ နာရီမတိုင်ခင် ရာသီဥတုအေးတဲ့ အချိန်မှာ ဆုံးရှုံးမှုနည်းတာကြောင့် ၉ နာရီမတိုင်ခင် အသုံးပြုကြဖို့ပြောတာပါ။

ပုလဲဓာတ်မြေသြဇာကို  အကျိုးရှိရှိအသုံးပြုဖို့   စပါးစိုက်ပျိုးတဲ့ သက်တမ်းတစ်လျှောက်မှာ  တစ်ဧကကို သဘာဝ

မြေသြဇာဖြစ်တဲ့   နွားချေး၊ မြေဆွေး၊ အမှိုက်ဆွေး၊ ဘိုကာရှီသုံးအိတ်နှင့် ပုလဲ ဓာတ်မြေသြဇာတစ်အိတ် ရောစပ်ပြီး သုံးသင့်ပါတယ်။ သုံးတဲ့အချိန်မှာလည်း တစ်ကြိမ်တည်းသုံးတာမဟုတ်ဘဲ စပါးပင်၊ နိုက်ထရိုဂျင် ဓာတ်လိုအပ်တဲ့ ကောက်ပင်လှန်ချိန်၊ ပင်ပွားအများဆုံးထွက်ချိန်နဲ့ မှိုကပ်ချိန်မှာသုံးရပါမယ်။ တစ်ကြိမ်မှာ ပုလဲဓာတ်မြေသြဇာတစ်အိတ်ရဲ့  သုံးပုံတစ်ပုံနဲ့    သဘာဝမြေသြဇာတစ်အိတ်ရောရပါမယ်။   ရောစပ်တဲ့အချိန်မှာ အစိုဓာတ်မများလွန်းစေဘဲ အစိုဓာတ်သင့်ရုံသာရှိသင့်ပါတယ်။ အဲဒီလိုရောပုံပြီး အပေါ်ကနေ ပလတ်စတစ် ဒါမှမဟုတ် ဂုန်နီအိတ်အုပ်ပြီး တစ်ညနှပ်ထားရပါမယ်။

]]မြေသြဇာကြဲပက်တဲ့အခါမှာလည်း မိုးအုံ့နေရင် နေ့လယ်ပိုင်းကြဲပက်နိုင်ပေမယ့် နေပူရင်တော့ မနက် ၇ နာရီကနေ ၉ နာရီအတွင်းနဲ့ ညနေ ၃ နာရီနောက်ပိုင်း ကြဲပက်တာအကောင်းဆုံးပါပဲ။ မြေသြဇာအရောကို စပါးခင်းမှ ကြဲပက်ပြီးတိုင်း တမန်းပြင်အောက်ကိုရောက်ရှိအောင် ပေါင်းလိုက်၊ တမန်းနှိုးကိရိယာနဲ့ တမန်းနှိုးပေးခြင်း၊ ခြေထောက်နဲ့ ပတ်၍နင်းပေးခြင်းဖြင့် မြေသြဇာရဲ့အာနိသင်ကို မြန်မြန်ရရှိစေမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးဝင်းဦးက သူ့စကားကို အဆုံးသတ်လိုက်သည်။ ပြီးတစ်ဆက်တည်းပြောလာသည်။

ဆရာရေ မဲဒီးမှာ အဖွဲ့တွေစောင့်နေတယ်၊ သွားကြရအောင်။

ကျွန်တော်တို့အဖွဲ့   တဲကြီးကုန်းမှ တောင်သူဦးကြီးများကို လက်ပြနှုတ်ဆက်ပြီး မဲဒီးရွာသို့ဆက်ပြီး  ထွက်ခဲ့ကြသည်။ တောင်သူဦးကြီးများ၊ တောင်သူမကြီးများ၏ ရွှင်ပြုံးစွာနှုတ်ဆက်နေပုံက နေရောင်ခြည် အောက်တွင် အားအင်အပြည့် ခင်မင်ရင်းနှီးစွာဖြင့် . . . ။    ။

မောင်အောင်