“ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ ”

“ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ ”

နေပြည်တော်၊ ဧပြီ ၂၇

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အလယ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေစိစစ် အကြံပြုရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က ၈-၂-၂၀၂၁ ရက်နေ့တွင်  ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ တွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ “ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဥပဒေများ ရေးဆွဲပြီး ပြဋ္ဌာန်းခြင်း မပြုနိုင်သေးသည့် ဥပဒေများ များစွာရှိသည်ဟု သိရှိရကြောင်း၊ တက္ကသိုလ်များရှိ ဥပဒေ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ထုတ်နုတ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပူးပေါင်းပြီး ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်”ဟု လမ်းညွှန်ချက်အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ၉-၃-၂၀၂၁ ရက် နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး လတ်တလော ပြဋ္ဌာန်းသင့်သည့် ဥပဒေကြမ်းများ စာရင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးသို့ တင်ပြခဲ့ကြောင်း၊  အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)မှာ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်မှု မရှိသည့်အပြင်  လတ်တလော ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့်အပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဗုဒ္ဓဓမ္မ ဒီပလိုမာသင်တန်းနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများကို ၁-၆-၂၀၂၁ ရက်နေ့မှ စ၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုပါရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ၁၀-၃-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “ခွင့်ပြုကြောင်း” နှင့် COVID-19 ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရုံးက ၂၅-၃-၂၀၂၁ ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း သက်ဆိုင်ရာ ဌာနမှ တင်ပြခဲ့သည့်အတွက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။လတ်တလော ပြဋ္ဌာန်းရန်သင့်သည့် အခြားဥပဒေများနှင့် စပ်လျဉ်း၍လည်း ယခုကဲ့သို့ အစည်းအဝေးများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

    ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရှိရပါသည်။