AA အကြမ်းဖက်သောင်းကျန်းသူ အမာခံများအား ဖမ်းဆီးရမိ၊ တစ်ဦး ကြိုးဆွဲချသေဆုံး

AA အကြမ်းဖက်သောင်းကျန်းသူ အမာခံများအား ဖမ်းဆီးရမိ၊ တစ်ဦး ကြိုးဆွဲချသေဆုံး

နေပြည်တော် ၊  ဇူလိုင် - ၁၅
    
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ မင်းကျောင်းတံတားအနီး၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် မင်းကျောင်းတံတား ဘက်မှ အလယ်ချောင်းကျေးရွာဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးနှင့်လူ  ၂ ဦးအားမသင်္ကာသဖြင့်  ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ၆ လက်မခန့်ရှိ ဓားမြောင် ၂ ချောင်း၊ လက်ထိပ် ၁ ခု၊ ဓာတ်ခဲအသေး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသဖြင့် ၎င်းင်းတို့ ၂ ဦးအား စစ်ဆေးမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
    
ကနဦးစစ်ဆေးချက်အရ အဆိုပါ ၂ ဦးမှာ ငလုံးအောင်(ဘ)ဦးနုထွန်းဖြူ၊ အလယ်ချောင်းကျေးရွာနေသူနှင့် ညီညီဇော်(ဘ)ဦးကျော်သင်းအောင်၊ အထက်ပဒဲကျွန်း ကျေးရွာနေသူများဖြစ်ကြောင်း သိရှိရပြီး လိုအပ်သည့်စစ်ဆေးမှုများ ထပ်မံဆောင်ရွက်ရန် သက်ဆိုင်ရာပို့ဆောင်စစ်ဆေးခဲ့သည်။
    
စစ်ဆေးချက်များအရ ၎င်းတို့ ၂ ဦးမှာ AA အကြမ်းဖက်သောင်းကျန်းသူများဖြစ် ကြောင်း သိရှိရပြီး သတင်းဆက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရှာဖွေစစ်ဆေး ဖော်ထုတ်ခဲ့ရာ AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့၏ အမာခံများဖြစ်သည့် ဇော်လွင်(ဘ) ဦးမောင်သိန်းဖြူ၊ မြင့်ထွန်း(ဘ) ဦးမောင်မိုးညွန့်၊ ချမ်းငြိမ်း(ဘ)ဦးကျော်လှိုင်၊ ဇော်ဌေး (ဘ)ဥိးမောင်သိန်းဖြူ၊ ထွန်းဝင်း(ဘ) ဦးအောင်လှဖြူနှင့် စိုးမြင့်ထွန်း(ဘ)ဦးမောင်ဘအောင် တို့ ၆ ဦးအား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး မအီမြို့မရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် သီးသန့်အဆောက်အဦ၌ တစ်ဦးစီထားရှိထိန်းသိမ်းခဲ့သည်။
    
ထိုသို့ထားရှိစဉ် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် စိုးမြင့်ထွန်း မှာ ၎င်းအား ချည်နှောင်ထားသည့်ကြိုးကိုဖြည်၍ ခေါင်မိုးထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
    
အဆိုပါသေဆုံးသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး မအီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ပြီး ကျန်ရှိသူ ၅ ဦးအား လိုအပ်သည်များ ဆက်လက်စစ်ကြောလျက်ရှိကြောင်း သတင်းရရှိသည်။