CDM  လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ယာယီထိန်းသိမ်းထားည့် ကျောင်းသား၊ ကျောင်းသူ များအား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

 

CDM  လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ယာယီထိန်းသိမ်းထားည့် ကျောင်းသား၊ ကျောင်းသူ များအား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ မတ် - ၂၃
    
၂၀၂၁ ခုနှစ်၊  မတ် ၇ ရက် နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် လမ်း ၉၀ ထောင့်တို့တွင် ဆူပူဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျော့လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့စဉ် ဆူပူဆန္ဒပြသူများထဲမှ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၉ ဦးတို့ကို ထိန်းသိမ်းဖမ်းဆီးခဲ့သည့်သတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။
    
အဆိုပါထိန်းသိမ်းထားသူများအား စိစစ်ခဲ့ရာတွင် ပတ်ဝန်းကျင်၏ စေ့ဆော်ခဲ့မှု၊ ဆူပူဆန္ဒပြမှုအား လှုံ့ဆော်စည်းရုံးခံရမှုနှင့် စားဝတ်နေရေးအထောက်အပံ့ရယူမှုစသည့် အခြေခံ အကြောင်းများကြောင့် CDM လှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိရပြီး အထူးသဖြင့်  နိုင်ငံရေးအရောင်အသွေးမရှိသော အပြစ်မဲ့သည့် နုငယ်သေးသည့် ကျောင်းသား၊ ကျောင်းသူ များအား တွေ့ရှိရသောကြောင့် ၎င်းတို့၏ အနာဂတ်အရေးအတွက် သားသမီးချင်း ကိုယ်ချင်း စာတရားထားရှိကာ ကျောင်းသား ၃၀ ဦးနှင့် ကျောင်းသူ ၅ ဦးတို့အား ယနေ့နံနက် ၈ နာရီ ခန့်တွင် မန္တလေးဗဟိုအကျဉ်းထောင်မှ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်းသို့ ပြန်လည် ခေါ်ဆောင်ကာ စိတ်အပန်းဖြေဘုရားဖူးခြင်း၊ နန်းမြို့တွင်း လှည့်လည်ပြသခြင်း၊ ဗဟုသုတရ ဖွယ်စာအုပ်၊ စာစောင်များ ဖတ်ရှုစေပြီး ကောင်းမွန်စွာ နေထိုင်စားသောက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
    
အဆိုပါ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတို့အား ယနေ့နေ့လယ်ပိုင်း တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဆုံးမအမှာစကားများ ပြောကြားပြီး  မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးသို့ ပို့ဆောင်ကာ မိဘ၊ အုပ်ထိန်းသူများထံသို့ ပြန်လည် အပ်နှံပွဲကို ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းင်းတို့၏ မိဘ၊ အုပ်ထိန်းသူများ တက်ရောက် ကြသည်။ ဦးစွာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆုံးမသြဝါဒစကား ပြောကြားကာ ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် ရှာဖွေပုံစံများဖြင့် သိမ်းဆည်းထားသည့် ကိုယ်ပိုင်ပစ္စည်း များအား  စာရင်းအတိုင်း ပြန်လည်လွှဲပြောင်းပေးအပ်ပြီး ခံဝန်ထိုး၍ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံစေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။