CDM လှုပ်ရှားတွင် ပါဝင်ခဲ့မှုကြောင့် ယာယီထိန်းသိမ်းထားသည့် ကျောင်းသား၊ ကျောင်းသူ များအား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်
နေပြည်တော်၊ မတ် - ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၂ လမ်းနှင့် လမ်း ၉၀ ထောင့်တို့၌ မတ် ၇ ရက်နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက်သူအင်အား ၅၀၀၀ ဦးခန့်က လမ်းများပိတ်ဆို့၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်းနှင့်အညီ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဆူပူဆန္ဒပြသူများအနက်မှ အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၉ ဦးတို့အား ယာယီဖမ်းဆီးထိန်းသိမ်းခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါထိန်းသိမ်းထားသူများအား စိစစ်ခဲ့ရာတွင် ပတ်ဝန်းကျင်၏ စေ့ဆော်မှု၊ ဆူပူဆန္ဒပြသူများ၏ လှုံ့ဆော်စည်းရုံးခံရမှုနှင့် စားဝတ်နေရေးအထောက်အပံ့ရယူလိုမှုစသည့် အခြေခံအကြောင်းအရာများကြောင့် CDM လှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း တွေ့ရှိရပြီး အထူးသဖြင့် နိုင်ငံရေးအရောင်အသွေးမရှိသော အပြစ်မဲ့နုငယ်သည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၁၂ ဦးတို့အား စိစစ်တွေ့ရှိခဲ့သည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများအား မတ် ၁၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းထားသည့်နေရာမှ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်းသို့ ပြန်လည်ခေါ် ဆောင်ကာ စိတ်အပန်းဖြေစေရန် ဘုရားဖူးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ နန်းမြို့တွင်း လှည့်လည် ပြသခြင်း၊ ဗဟုသုတရဖွယ်စာအုပ်၊ စာစောင်များ ဖတ်ရှုစေပြီး ကောင်းမွန်စွာ နေထိုင်စားသောက် နိုင်ရေးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင် အဆိုပါကျောင်းသား၊ ကျောင်းသူ ၂၆ ဦးတို့အား အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဆုံးမအမှာစကားများပြောကြားပြီး ၎င်းတို့ဖမ်းဆီး ထိန်းသိမ်းခံရချိန်တွင် သိမ်းဆည်းထားသည့် ကိုယ်ပိုင်ပစ္စည်းများအား စာရင်းအတိုင်းပြန်လည် လွှဲပြောင်းပေးအပ်ပြီး မိဘ၊ အုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်အပ်နှံစေလွှတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။